
AB News – သြဂုတ် ၂၄၊ ၂၀၂၅
ဒေဝီ
အာဏာသိမ်း စစ်ကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် လုံခြုံရေးအစီအမံများကို စတင်ဆောင်ရွက်နေကြောင်း သိရသည်။
ပထမအဆင့်အဖြစ် ရွေးကောက်ပွဲကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင် ၁၂ ခုတွင် လုံခြုံရေးတပ်ဖွဲ့များအား အခြားမြို့နယ်များမှ အင်အားဖြည့်တင်းရန် စီစဉ်နေကြောင်း သိရသည်။
ရွေးကောက်ပွဲကျင်းပမည့် ခရိုင်မြို့များတွင် စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်နှင့် ပလကဖ (ပြည်သူ့လုံခြုံရေးကွပ်ကဲမှုအဖွဲ့) တို့ကို သီးခြားလုံခြုံရေးသင်တန်းများ ပေးထားပြီးဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ဆိုသည်။
ထို့အပြင် ရွေးကောက်ပွဲမတိုင်မီ စားနပ်ရိက္ခာနှင့် လစာများကိုလည်း ထောက်ပံ့ပေးထားသည်ဟု သိရသည်။
ပထမအဆင့် ရွေးကောက်ပွဲတွင် ပါဝင်မည့် ခရိုင်မြို့များမှာ ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ တောင်ဒဂုံ၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ သန်လျင်နှင့် အလုံတို့ဖြစ်ပြီး အင်းစိန်နှင့် လှည်းကူး ခရိုင်များ ပါဝင်ခြင်းမရှိကြောင်း ဖော်ပြထားသည်။
တွံတေးမြို့နယ်တွင် မဲရုံးများဖွင့်လှစ်ပါက ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလနှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်များမှ လုံခြုံရေးအဖွဲ့ဝင်များက လာရောက်ကူညီပေးမည်ဖြစ်ကြောင်း ဆိုသည်။
ဩဂုတ်လ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း တွံတေး၊ မှော်ဘီ၊ မရမ်းကုန်း၊ တိုက်ကြီး၊ နှင့် မင်္ဂလာဒုံမြို့နယ်ရှိ ပြည်သူ့စစ်နှင့် ပလကဖအဖွဲ့များကို စစ်ကော်မရှင်က ဆန်၊ ဆီ၊ စားနပ်ရိက္ခာနှင့် ငွေကြေးများ ထောက်ပံ့ပေးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
၎င်းတို့အား ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးတာဝန်များ ထမ်းဆောင်ရန် စီမံထားကြောင်း သိရသည်။
ထို့အပြင် ရွေးကောက်ပွဲအပြီးတွင်လည်း လုံခြုံရေးအဖွဲ့ဝင်များအတွက် အလုပ်အကိုင်နှင့် ငွေကြေးထောက်ပံ့မှုများ ဆက်လက်ပေးမည်ဟု ဆိုသည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်က ဩဂုတ် ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ ပထမအဆင့် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။