AB News – ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၅
အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် လွတ်မြောက်နယ်မြေများတွင် လွတ်လပ်စွာ လုပ်ကိုင်စားသောက်နိုင်ရန်အတွက် မိုင်းရှင်းလင်းပေးရန် ပြည်သူများက တောင်းဆိုနေကြသည်။
လက်ရှိလွတ်မြောက် ဒေသများဖြစ်သည့် ပလက်ဝ၊ ကျောက်တော်၊ ပေါက်တော၊ အမ်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ ရသေ့တောင်၊ ရမ်းဗြဲ၊ သံတွဲ၊ ဂွ မြို့နယ်များတွင် ပြည်သူများ မိုင်းအန္တရာယ် ကင်းဝေးစေရန် အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များက မိုင်းများအား ရှာဖွေ ရှင်းလင်းလျက်ရှိနေကြောင်းလည်း သိရသည်။
သို့သော်လည်း အာရက္ခတပ်တော် AA က မိုင်းရှင်းလင်းရာတွင် မိုင်းရှင်းလင်းရေး စက်ပစ္စည်း ကိရိယာများ လုံလောက်မှုမရှိသောကြောင့် အသက်စွန့် မိုင်းရှင်းလင်းနေရသည်ကို AB News သတင်းထောက်များ မြေပြင်ကွင်းဆင်း သတင်းရယူစဥ် တွေ့မြင်ရသည်။
ပစ္စည်းကိရိယာများ မပြည့်စုံသောကြောင့် မိုင်းရှင်းလင်းသည့် တပ်ဖွဲ့ဝင်များအတွက် အန္တရာယ်များသည့်အပြင် သတ်မှတ်ထားသည့်အချိန်အတွင်း ဧရိယာများကို မြန်မြန်ဆန်ဆန် မရှင်းလင်းနိုင်သည်ကိုလည်း တွေ့ရသည်။
ဒေသခံပြည်သူများမှာ သွားလာရေးနှင့် စားဝတ်နေရေးအတွက် ရှာဖွေစားသောက်ရာတွင် မိုင်းဘေးအန္တရာယ်ကြောင့် သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုများကို ခံစားနေရကြောင်း မင်းပြားမြို့နယ်မှ ဒေသခံတစ်ဦးက AB News သို့ ပြောသည်။
“အာရက္ခတပ်တော် မိုင်းရှင်းလင်းရေး တပ်ဖွဲ့တွေကတော့ ပြည်သူတွေ သွားလာတဲ့ လမ်း၊ တံတား၊ ကျေးရွာတွေကိုတော့ မိုင်းရှင်းလင်းရေး လုပ်ပေးနေတာရှိတယ်။ ဒါပေမဲ့ မိုင်းရှင်းလင်းတဲ့အခါ စက်ပစ္စည်းကိရိယာတွေ မရှိဘူး။ ဓားအသေးလေးတွေနဲ့ တူးဆွပြီး ရှင်းကြတာများတယ်။ ဒေသခံပြည်သူတွေအတွက်လည်း အန္တရာယ်ရှိသေးတယ်၊၊ မိုင်းရှင်းလင်းတဲ့ တပ်ဖွဲ့ဝင်တွေအတွက်လည်း ဘေးအန္တရာယ် သိပ်များတယ်” ဟု ဆိုသည်။
မိုင်းရှင်းလင်းသည့်အခါ လိုအပ်သည့် ပစ္စည်းကိရိယာများမှာ –
- လုံခြုံရေးနှင့် ကာကွယ်မှုပစ္စည်းများ- ဘေးကင်းရေး ဝတ်စုံ (Ballistic suit, Kevlar vest) ၊ ဘေးကင်းရေး ခြေအိတ်များ (Blast-resistant boots) ၊သံမြှေး လက်အိတ် (Anti-blast gloves) ၊မျက်နှာဖုံးနှင့်မျက်မှန် (Face shield & goggles)
- မိုင်းရှာဖွေရေး ပစ္စည်းများ-မိုင်းရှာဖွေစက် (Metal detector) ၊ မြေအောက်ကို သုံးသပ်နိုင်ရန် (Ground-penetrating radar (GPR)) ၊ ပေါင်းကူးမှုအန္တရာယ်ကို စစ်ဆေးရန် (Explosive vapor detector) မိုင်းစစ်ဆေးရန် သံလိုက်သံလိုင်းစနစ်
- မိုင်းကို ဖြုတ်ရန်နှင့် သယ်ယူရန် ကိရိယာများ (EOD (Explosive Ordnance Disposal) tools) – မိုင်းကို အဝေးမှ ဖြုတ်ရန် (Remote-controlled robots) ၊ချိတ်ကြိုးများသုံး၍ ခွာရန် (Hook & line kits) ၊ မိုင်းဖျက်ခွဲသည့် ဓာတုပစ္စည်းများ
- သယ်ဆောင်ရန်နှင့် ဆောင်ရွက်ရန် ပစ္စည်းများ-သယ်ဆောင်သည့် ဘောက်စ်များ (Containment units) ၊ ဘေးကင်းလုံခြုံစွာ မိုင်းဖျက်ခြင်းအတွက် အထူးတပ်ဆင်ထားသည့် ယာဉ်များ၊ မိုင်းဖျက်ရန် လိုအပ်သည့် ပစ္စည်းများ (C4, TNT, Detonators)
ရက္ခိုင်ပြည်သူများမှာ တောင်ယာ နှင့် လယ်ယာ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင် စားသောက်ကြသူများဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီသည်လည်း ပြည်သူများ လုပ်ကိုင်စားသောက်သည့် တောင်ကုန်း ၊ တောင်တန်းများတွင် တပ်စခန်းချ နေထိုင်ခဲ့ကြပြီး ၎င်းတို့ နေထိုင်ရာ ဝန်ကျင်တွင် မိုင်းအလုံးရေများစွာ ထောင်ထားခဲ့သည်ကို တွေ့ရသည်။
မောင်တောမြို့နယ်တွင်လည်း မိုင်းများကို ရှင်းလင်းပေးရန် မောင်တော ဒေသခံ တောင်သူ ၁ ဦးက AB News သို့ပြောသည်။
” ကျနော်တို့ ဒေသက တော၊ တောင်တွေထူထပ်တယ်။ အဲဒီနေရာတွေမှာ စစ်ကောင်စီတပ်သားတွေက အခြေချတပ်စွဲနေထိုင်ခဲ့ကြတယ်။ ကျနော်တို့ စားဝတ်နေရေးကြောင့် တောတောင်တွေသွားရင် ဘေးအန္တရာယ် အရမ်းများတယ်။ မိုင်းကြောင့်လည်း ပြည်သူတွေ တစ်ရက်ထက်တစ်ရက် ကိုယ်လက်အင်္ဂါဆုံးရှုံးတာ ၊ သေကြေပျက်စီးကြရတယ်။ ဆိုတေ့ာ အဲ့ဒီမိုင်းတွေကို အဓိကထား ရှင်းလင်းပေးဖို့ တောင်းဆိုပါတယ် ” ဟု ဆိုသည်။
ရက္ခိုင်တွင် စစ်ကြွင်းစစ်ကျန်မိုင်းများကြောင့် နေ့စဥ်နီးပါး အပြစ်မဲ့ပြည်သူများ သေဆုံးနေကြရပြီး ကိုယ်လက်အင်္ဂါများ ဆုံးရှုံးလျက်ရှိနေကြရသည်။
ထို့အပြင် တော၊ တောင်များနှင့် ဘေးအန္တရာယ်များသည့် နေရာများတွင် ”မိုင်းသတိ” ထားစေရန်အတွက် မိုင်းသတိပေး ဆောင်ပုဒ်များကို လိုက်လံ ကပ်ပေးနေပြီး ၊ ပြည်သူများနေထိုင်သည့် ကျေးရွာများတွင်လည်း မိုင်းဘေးအန္တရာယ် ”သတိထား ၊ သတိပေး” ဆွေးနွေးမှုများကို လုပ်ဆောင်ပေးလျှက်ရှိနေသည်။