
AB News – နိုဝင်ဘာ ၁၇ ၊ ၂၀၂၅
ဆိုဖီ
ရက္ခိုင်ပြည် ၊ မောင်တောမြို့နယ်တွင် ဒေသခံ မူဆလင်အမျိုးသား ၁ ဦး အကြမ်းဖက် ARSA/RSO အဖွဲ့တို့မှ ထောင်ထားခဲ့သော နင်းမိပြီး ခြေတစ်ဖက် ပြတ်သွားခဲ့ကြောင်း သိရသည်။
ခြေတစ်ဖက် ပြတ်သွားသူမှာ မောင်တောမြို့နယ် ၊ ငန်းချောင်းမြောက်ကျေးရွာမှ အသက် ၅၅ နှစ်အရွယ် ဦးအဘူလာချိန်း ဖြစ်သည်။
ယနေ့ နိုဝင်ဘာ ၁၇ ၊ ညနေ ၄ နာရီ အချိန်တွင် ကျွဲတမရွာ အရှေ့ဖက်ရှိ နေရာတစ်ခုတွင် ကျွဲကျောင်းနေရာမှ အကြမ်းဖက် လက်နက်ကိုင်မူဆလင်အဖွဲ့ တစ်ခုမှ ထောင်ထားခဲ့သည့် မိုင်းအား နင်းမိသောကြောင့် ခြေတစ်ဖက် ပြတ်သွားကြောင်း ဒေသခံ မြို လူမျိုး ၁ ဦးက AB News သို့ပြောသည်။
”ကျွဲကျောင်းနေချိန်မှာ မိုင်းနင်းမိသွားတာ ကျွန်တော်တို့ သွားကြည့်တော့ ညာဖက်ခြေထောက်က ပြတ်နေတယ်။ နောက်ပြီး ကျန်ခြေထောက်တစ်ဖက်မှာလည်း ဒဏ်ရာ ရသွားပါတယ် ”ဟု ပြောသည်။
လက်ရှိတွင် မိုင်းနင်းမိသွားသော ဒေသခံ မူဆလင် အမျိုးသားအား နီးစပ်ရာ ဆေးရုံတွင် ပို့ထားပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
အလားတူ နိုဝင်ဘာ ၁၄ ရက် နံနက် ၈ နာရီ ၃၀ မိနစ် ချိန်တွင် မောင်တောမြို့နယ် ခုန်တိုင်ကျေးရွာမှ အသက် ၄၂ အရွယ် ဦးဒေါင်ရွိုင် မှာလည်း မိုင်းနင်းမိသောကြောင့် ခြေတစ်ဖက်ပြတ်ကာ သေဆုံးသွားခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်ကလည်း မောင်တောမြို့နယ် ဂြစ်ချောင်း ကျေးရွာမှ မြို လူငယ် ၁ ဦး မိုင်းနင်းမိသောကြောင့် ခြေတစ်ဖက် ပြတ်ထွက်သွားခဲ့သည်ဟု သိရသည်။