Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မုန်တိုင်းကြောင့် ကျိုးပျက်ခဲ့သည့် ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တောင်ကြိုးတံတား ပြန်လည်တည်ဆောက်မှု ၅၀ ရာခိုင်နှုန်းပြီးစီး
မုန်တိုင်းကြောင့် ကျိုးပျက်ခဲ့သည့် ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တောင်ကြိုးတံတား ပြန်လည်တည်ဆောက်မှု ၅၀ ရာခိုင်နှုန်းပြီးစီး

ABN-ဟိန်းထွန်း

ဇူလိုင် ၇ က်

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့ရှိ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သော သမိုင်းဝင် ဦးရာဇ်မင်္ဂလာကြိုးတံတားကို နေပြည်တော်မှ နတလ ဝန်ကြီးအစီအစဥ်ဖြင့် စတင်ပြုပြင်နေမှု ၅ဝ ရာခိုင်နှုန်းခန့်ပြီးစီးသွားပြီဖြစ်၍ လာမည့် စက်တင်ဘာလတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

ထိုတံတားကို ဇွန်လ၂၂ရက်နေ့က လူ၁၀ဦးဖြင့် စတင်ဆောက်လုပ်ခဲ့ကာ တံတားပေါ်ရှိပျဥ်ပြားခင်းများကို အဆင့်မြင့်သည့်အနေဖြင့်ပျဥ်းကတိုးသား၊ သစ်မာနှင့် သံများကိုအသုံးပြု၍ လုပ်ဆောင်နေသည့်အတွက် ယခင်ထက်ပို၍ Quality ကောင်းကြောင်းဦးရာဇ်တောင်ဂေါပကအဖွဲ့၏ဒုဥက္ကဌ ဦးသန်းထွန်းက ABNသို့ပြောသည်။

“ဒီတံတားကို ပြုပြင်နေတာ ရက်ပေါင်း ၁၀ ကျော်လောက်ရှိသွားပါပြီ၊ လူ ၁၀ ယောက်နဲ့ပြုပြင်နေတာဖြစ်တယ်၊ ပျက်စီးသွားတဲ့တံတားပေါ်က ပျဥ်အကျိုးတွေနေရာမှာ သစ်မာတွေကိုအစားထိုးသုံးပါတယ်၊ အဆင်မြင့်တယ်လို့ပြောရမှာပေါ့နော်၊ သံတွေလည်းလိုအပ်တဲ့နေရာတွေမှာ ကောင်းကောင်းအသုံးပြုထားတဲ့အတွက် ယခင်တံတားထက် ပိုခိုင်မာပြီး အရည်အသွေးကောင်းပါတယ်” ဟု ပြောသည်။

ယခုပြုပြင်တည်ဆောက်မှုတွင် ဘုရားဖူးခရီးသွားများ၊ ပြည်သူလူထုများနှင့်ကျောင်းသူ/ ကျောင်းသားများ အဆင်ပြေစေရန်နှင့် ဆိုင်ကယ်၊ ဘေးတွဲ၊ တုတ်တုတ်ဘီးများ သွားလို့ရရှိစေရန် ခိုင်ခန့်စွာပြုပြင်နေပြီး ငွေကြေးကုန်ကျမှုခန့်မှန်းခြေ သိန်း ၆၀၀ နီးပါး ရှိနိုင်ကြောင်း ဆက်၍ ပြောသည်။

“ဘုရားဖူးခရီးသွားတွေ၊ ပြည်သူတွေနဲ့ ကျောင်းသားတွေအားလုံးအဆင်ပြေအောင်လို့ အကြီးစားလုပ်နေပါတယ်၊ နောက်ပြီး ဆိုင်ကယ်တွေ၊ တုတ်တုတ်ဘီးတွေနဲ့သွားလို့ရမယ်၊ တံတားရဲ့ကုန်ကျစရိတ်က ပိုက်ဆံ သိန်း ၆၀၀ လောက်နီးပါးခန့်မှန်းထားပါတယ်” ဟု ဆိုသည်။

ယခင်က ၎င်းကြိုးတံတားပေါ်တွင် ပျဥ်ခင်းများအပေါစားခင်းထားသည့်အတွက် ဆိုင်ကယ်နှင့် သွားလျှင်လည်း လူဆင်းပြီးတွန်းသွားရပြီး၊ သုံးဘီးများကိုလည်းဖြတ်ကျော်သွားလာခွင့်မပေးခဲ့ကြောင်းသိရသည်။

ဦးရာဇ်တော်ဓာတ်တော်သို့ ကုန်လမ်း၊ ရေလမ်း များဖြင့် နေ့ချင်းပြန်လာရောက်နိုင်ကာ ဘုရားဖူးများမှာ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ တို့မှအများဆုံးလာရောက်ကြကြောင်းသိရသည်။

တံတားဆောက်လုပ်ရခြင်း၏ရယ်ရွယ်ချက်မှာ ဦးရာဇ်တောင်ဘုရားတစ်ဆူကို ဖူးမြော်ရန်တည်ဆောက်ထားသည် မဟုတ် စစ်တွေ -ပုဏ္ဏားကျွန်းကမ်းတလျောက်တွင်ရှိသော ကျွဲထိုး၊ တန်းခိုး၊ တန်းစွေ၊ နတ်ဆိပ်၊ မင်းဂံ၊ ကျော်ဇံ နှင့် အခြားရွာများစွာမှ ပြည်သူများလည်း ဒေသဖွံ့ဖြိုးရေးကိုမှီခိုနေသည့်အတွက် ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း ဒုဥက္ကဌ ဦးသန်းထွန်းထံမှ သိရသည်။

တံတားနှင့်ပတ်သက်ပြီး ပြုပြင်ဆောက်လုပ်မှုမရှိခဲ့ခြင်းကို ပြည်သူလူထူများစွာဝေဖန်နေလျှက်ရှိပြီး၊ ဘုရားဖူးခရီးသွားများထည့်ဝင်လှူဒါန်းထားသော အလှူငွေများကို ဂေါပကများက စားနေကြကြောင်း လူမှုကွန်ယက်စာမျက်နှာများတွင်ရေးသား ပြောဆိုနေမှုများလည်း တွေ့နေရသည်။

မိုခါကြောင့်ပျက်စီးသွားခဲ့သည့် တံတားကို ပြုပြင်တည်ဆောက်နေသည့်အတွက် ဦးရာဇ်တောင်ချောင်းကမ်းမှ ကူးတို့သမားများသည် လူတစ်ဦးကို အသွားအပြန် ၅၀၀ ကျပ်ဖြင့် ကောက်ခံနေသော်လည်း ကျောင်းသူ/ ကျောင်းသားများကို အခမဲ့ ပို့ပေးနေကြောင်း သိရသည်။

ဦးရာဇ်မင်္ဂလာကြိုးတံတား၏ အရှည်မှာ ၃၂၀ ပေ၊ အနံအကျယ် ၇ပေခြောက်လက်မရှိပြီး ၁၉၉၄ ခုနှစ်က စတင်တည်ဆောက်ခဲ့ကာ ၁၉၉၆ ခုနှစ်တွင် ​ကုန်ကျငွေ ကျပ်သိန်း ( ၃၅,၁၀၀၀ဝ) သုံးဆယ့်ငါးသိန်းတစ်သောင်းဖြင့် ဆောက်လုပ်ပြီးစီးခဲ့ကြောင်းတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ