Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့ပေါ်သို့ ကျေးရွာများမှ ပြည်သူများ မုန်တိုင်းရှောင်ရန် လာရောက်မှုများရှိနေ

ABN-ရာဟု

ရခိုင်ပြည် ပေါက်တောမြို့နယ်ရှိ ကျေးရွာများမှ ပြည်သူများ မုန်တိုင်းဘေးရှောင်ရန် မြို့ပေါ်သို့ လာရောက်ခိုလှုံနေကြသည်ဟု သိရသည်။

မေလ၁၀ရက်နေ့က စတင်ကာ ပေါက်တောမြို့ပေါ်သို့ မုန်တိုင်းဘေးရှောင်ပြည်သူများ လာရောက်ခိုလှုံနေကြခြင်းဖြစ်ကာ လက်ရှိတွင် အိမ်ထောင်စု ၆၄စု လူဦးရေ ၂၃၅ဦး လာရောက်ခိုလှုံနေကြပြီး ဆက်လက်၍လည်း ရောက်လာနေကြသည်ဟု မုန်တိုင်းရှောင်များအား ကူညီဆောင်ရွက်ပေးနေသူ ကိုအောင်ကျော်က ပြောသည်။

“မေ ၁၀ရက်နေ့ ကတည်းက နယ်ကလူတွေ လာကြတာ နေ့တိုင်းဘဲ ၊ ဒီနေ့အထိ အိမ်ထောင်စု ၆၄ စု လူဦးရေ ၂၃၅ ဦး ရောက်နေကြပြီး ဆက်လာနေကြတယ်၊ စာရင်းကအတိကျ မသိရသေးဘူး ” ဟု ABN သို့ပြောသည်။

လက်ရှိတွင် မုန်တိုင်းဘေးရှောင်များကို ပေါက်တောမြို့ သာသနာ့ဗိမာန် ၊ အားကစားခန်းမ နှင့် ဘုန်းကြီးကျောင်းများတွင် နေရာချထားကာ စားသောက်ရေးတို့အတွက် ပေါက်တောမြို့ နာရေးကူညီမှုအသင်းနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့များစုပေါင်းပြီး မြို့ပေါ်တွင် ထမင်းထုပ်များကောက်ယူ၍ ကူညီစောင့်ရှောက် ကျွေးမွေးနေကြသည်ဟု သိရသည်။

မြို့ပေါ်တွင် လာရောက်ခိုလှုံနေကြသူများမှာ အလယ်ကျွန်း၊ နန်းတက်ကျွန်း၊ ပုဏ္ဏားကြီး၊ ဆင်ပိုက်၊ကဲချောင်း စသည့်ကျေးရွာများမှ ဖြစ်သည်ဟု သိရသည်။

ဘင်္ဂလားပင်အော်အော်တွင်ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါမှာ ရခိုင်ပြည် စစ်တွေနှင့်ကျောက်ဖြူဖက်သို့ ဝင်ရောက်နိုင်ပြီး တစ်နာရီကို ၉၆မိုင်မှ ၁၁၀မိုင်အထိ လေပြင်များတိုက်ခတ်နိုင်ကြောင်း မိုးဇလက သတိပေးချက်များထုတ်ပြန်ထားပြီး၊ ပင်လယ်နှင့်နီးသည့် ကျေးရွာများ၊ မြေနိမ့်ဒေသမှ ပြည်သူများအား ဘေးလွတ်ရာနေရာများသို့ တိမ်းရှောင်ကြရန် ULA က တိုက်တွန်းထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ