ABN-ရာဟု
အာဏာသိမ်းစစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဒုတိယညွှန်ကြားရေးမှူးချုပ် တစ်ဦး သေနတ်ဖြင့် (၅)ချက် ပစ်သတ်ခံရမှု ဖြစ်ပွားကာ သေဆုံးသွားကြောင်း သိရသည်။
စကစ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူသည် ယနေ့ ဧပြီ လ ၂၂ရက်နေ့ နေ့လည် ၂နာရီဝန်းကျင်က ၎င်း၏ ဇနီးဖြစ်သူ ဆရာဝန်အား ဆေးခန်းသို့ ပို့ဆောင်ပြီး ပြန်လာစဉ် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အောင်ရတနာဆေးခန်းအနီးတွင် စက်ဘီးဖြင့် လူ ၂ဦးက သေနတ်ဖြင့် အနီးကပ် (၅) ချက် ပစ်သတ်ခံရခြင်းဖြစ်ကြောင်းသိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်း၊ လည်ပင်း၊ ရင်ဘတ် နှင့် လက်တို့တွင် ကျည်များထိမှန်ကာ ဆေးရုံသို့ပို့ဆောင်သည့် လမ်းတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ကို ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေကောက်ပွဲကော်မရှင် (UEC)အား မလျော်သြဇာလွှမ်းမိုးခဲ့သည်ဟုဆိုကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀-(က)ဖြင့် အမှုဖွင့် စွဲချက်တင်လိုက်သည့် အမှုနှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် စိတ်တိုင်းကျ တရားလိုပြသက်သေအဖြစ် ဦးစိုင်းကျော်သူက ထွက်ဆိုခဲ့ဖူးသည်ဟု သိရသည်။
ပစ်ခတ်မှုကို For The Yangon အမည်ရ မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ဆောင်ရွက်ခဲ့သည်ဟု NUG၏ ရန်ကုန်တိုင်း စစ်ဒေသကွပ်ကဲရေးတာဝန်ခံက အတည်ပြုထားသည်။
ဦးစိုင်းကျော်သူမှာ အာဏာသိမ်းခံရပြီးနောက်၂၀၂၃ခုနှစ် မတ်လ(၃)ရက်နေ့က ညွှန်ကြားရေးမှူး အဆင့်ကနေ ဒုတိယညွှန်ကြားရေးမှူးချုပ်(ရွေးကောက်ပွဲခုံရုံးဆိုင်ရာ)အဖြစ် ရာထူးတိုးခြင်း ခံရသူ ဖြစ်ကြောင်း သိရသည်။