သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ပြည်အရေး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဆုံးဖြတ်အ​ဖြေရှာမှ မူဆလင်အကျပ်အတည်း ပြေလည်နိုင်လိမ့်မည်

(လဲ့တီးချာ ဗန် ဒန် အက်ဆမ် ( Laetitia van den Assum) သည် ယခင်က မြန်မာ၊ ထိုင်း၊ ကမ္ဗောဒီးယား၊ လာအို၊ ယူကေ နှင့် တခြားနိုင်ငံများတွင် နယ်သာလန်နိုင်ငံ၏ သံအမတ်တာဝန်ထမ်းဆောင်ခဲ့ပြီး ရက္ခိုင်ပြည်အရေးနှင့်ဆိုင်သည့် ကိုဖီအာနန် ဖောင်ဒေးရှင်း အကြံပေးကော်မရှင်၏ အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။)

မသေချာ မရေရာခြင်းများ ရက္ခိုင်ပြည်တွင် ကြီးစိုးလျှက်ရှိသည်။

နိုဝင်ဘာနှောင်းပိုင်းတွင် သဘောတူညီမှုရခဲ့သည့် အလွတ်သဘော အပစ်အခတ်ရပ်စဲခြင်းသည် မြန်မာစစ်တပ်ဦးဆောင်သော နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ (နစက) နှင့် ‌တော်လှန်ရေးတပ်ဖွဲ့ ရက္ခိုင့်တပ်တော်တို့အကြား လချီကာဖြစ်နေသည့် ပြင်းထန်သောတိုက်ပွဲများကို အဆုံးသတ်စေခဲ့သော်လည်း ရေရှည်တည်တံ့နိုင်မည့် ပုံမပေါ်ပေ။

ဤသဘောတူညီမှုက ရက္ခိုင်အကျပ်အတည်းဖြစ်ရခြင်း၏ ငုပ်လျှိုးနေသော အကြောင်းအရင်းများကို ဖြေရှင်းပေးနိုင်ခြင်းမရှိဘဲ လက်ရှိအခြေအနေမှာလည်း ဓားသွားထက်တွင် ရပ်နေသည့် အနေအထားကဲ့သို့ ဖြစ်နေသည်။

စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းစဥ်ကပင် ပေါ်ပေါက်လာခဲ့သော ‌တော်လှန်ရေးလှုပ်ရှားမှုများကို စစ်ရေးအရ အမြစ်ဖြတ်ရန် မြန်မာပြည်အနှံတွင် နပန်းလုံးနေရသော်လည်း ရက္ခိုင်ပြည်အနေအထားက ကွဲပြားနေသည်။ မတူကွဲပြားသည့် နိုင်ငံရေးအင်အားစုများနှင့်အတူ တချိန်က ရက္ခိုင်ဘုရင့်နိုင်ငံတော် တည်ရှိခဲ့သော သမိုင်းနောက်ခံ အစိုင်အလာများက တမူထူးခြားစေခဲ့သည်။ ရက္ခိုင်ပြည်နိုင်ငံရေးတွင်လည်း ရက္ခိုင်တိုင်းရင်းသားပါတီများသာ အချိန်ကာလကြာညောင်းစွာ လွှမ်းမိုးခဲ့ပြီး လက်ရှိအာဏာမှ ဖယ်ရှားခြင်းခံလိုက်ရသော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ယခင်အစိုးရလက်ထက်တွင်လည်း ထောက်ခံမှုများများစားစား မရဖူးချေ။

ထို့အပြင် တရုတ်၊ အိန္ဒိယနိုင်ငံနှစ်ခုစလုံးမှ မြန်မာပြည်၏ အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်သည့် တချိန်တုန်းက သီးခြားတည့်ရှိခဲ့သော ရက္ခိုင်ပြည်တွင် စီးပွားရေးတိုးတက်ပြောင်းလဲမှုများရှိလာစေရန်အတွက် ကြီးမားသော တည်ဆောက်ရင်းနှီးမြှုပ်နှံခြင်းများနှင့် တံခါးဖွင့်ရန် ဆောင်ရွက်နေကြသည်။

နောက်ဆုံးအနေဖြင့် တချိန်တခါက ရက္ခိုင်ပြည်လူဦးရေ ၃.၁သန်းတွင် သုံးပုံတစ်ပုံကျော်အထိရှိခဲ့သော ရက္ခိုင်ပြည်ရှိ မူဆလင်များ အကျပ်အတည်းသည်လည်း နိုင်ငံတကာ၏ အာရုံတော်တော်များများကို ဆက်လက်ဖမ်းစားနေဆဲပင်ဖြစ်သည်။

၂၀၁၆-၁၇ တွင် မြန်မာစစ်တပ်က ပြင်းပြင်ထန်ထန် ဖြိုခွင်းမှုကြောင့် မူဆလင် ၁ သန်းနီးပါး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရပြီး လက်ရှိတွင်လည်း စက်လှေများဖြင့် အလျှိုလျှိုထွက်ပြေးနေကြသော မူဆလင်များမှာ ရက္ခိုင်ပြည်နှင့် ဘင်္ဂလားဒေ့ရှ် နှစ်ခုစလုံးတွင် သူတို့၏ အခြေအနေမှာ မျှော်လင့်စရာကင်းမဲ့နေကြောင်း ပိုယုံကြည်နေကြသည်။

၂၀၁၅ခုနှစ်တွင် ရက္ခိုင့်တပ်တော်သည် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်း ပထမဆုံးဖော်ပြလာခဲ့ပြီး လျှင်မြန်စွာနှင့် အင်အားကြီးမားလာခဲ့သည်။ သို့ရာတွင် ၂၀၁၈မှ ၂၀၂၀အထိ ဒေါ်အောင်ဆန်းစုကြည်အစိုးရ ကျောထောက်နောက်ခံပေးထားသော မြန်မာစစ်တပ်နှင့် ပြင်းထန်သော စစ်ပွဲများကို ရင်ဆိုင်ခဲ့ရသည်။

၂၀၂၀ နိုဝင်ဘာလမတိုင်မီ မြန်မာစစ်တပ်မှ ပထမဆုံးအကြိမ် အပစ်အခတ်ရပ်စဲရေးအတွက် လေသံပြောင်းလာချိန်တွင် ရက္ခိုင့်တပ်တော်သည် ရက္ခိုင်ပြည်အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသတော်တော်များများကို ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်သည်။ ယာယီအပစ်အခတ်ရပ်စဲခြင်းက ရက္ခိုင့်တပ်တော် ကျစ်ကျစ်လစ်လစ်နှင့် အင်အားစုစည်းရန်အတွက် အချိန်ရခဲ့ပြီး တပြိုင်နက်ထဲတွင် နိုင်ငံရေးအဖွဲ့ဖြစ်သည့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်က ကျေးလက်ဒေသများတွင် အခြေခံကျသည့် အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးလုပ်ငန်းများကို ချဲ့ထွင်ခဲ့သည်။

၂၀၂၁ခုနှစ်တွင် ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ရက္ခိုင့်တပ်တော်တွင် လက်နက်ကိုင်ဆောင်ထားသည့် တပ်ဖွဲ့ဝင်ပေါင်း ၃၀,၀၀၀ အထိရှိလာပြီး မြန်မာနိုင်ငံ၏ အင်အားအကြီးမားဆုံးသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်လာပြီ ဟုပြောကြားခဲ့သည်။

စစ်ကောင်စီသည် သူတို့ အာဏာတည်မြဲရေးအတွက် မြန်မာနိုင်ငံတခြားဒေသများတွင်သာ ဖိနှိပ်ခြင်းများကို အာရုံစိုက်ဆောင်ရွက်နေခြင်းကြောင့် ထိုနှစ်တွင် ရက္ခိုင်ပြည်တွင် သိသိသာသာ ငြိမ်သက်နေခဲ့သည်။ သို့ရာတွင် ပြီးခဲ့သည့် ၂၀၂၂အတွင်း တင်းမာမှုများဖြစ်ပွားလာပြီး ရက္ခိုင့်တပ်တော်မှ စစ်ကောင်စီ၏ ဇွန်လတွင်ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်ရန် ငြင်းဆန်လိုက်သောအခါ စစ်ပွဲများ ပြန်လည်အစပြုလာခဲ့သည်။ သြဂုတ်လအတွင်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလက ယာယီအပစ်အခတ်ရပ်စဲလိုက်မှသာ တိုက်ပွဲများ ငြိမ်သက်သွားခဲ့သည်။

မြန်မာပြည်၏ တခြားဒေသများတွင်လည်း အလားတူအပစ်အခတ်ရပ်စဲမှုမျိုးများတွင် အမြဲတမ်းလိုလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို လုပ်ပိုင်ခွင့် အတိုင်းအတာတစ်ခုထိ ပေးအပ်ခြင်းများပါရှိသော်လည်း ရက္ခိုင့်တပ်တော်နှင့် ယာယီအပစ်အခတ်ရပ်စဲခြင်းတွင် ထိုကဲ့သို့ အကြောင်းအရာများ မပါဝင်ပေ။

ယာယီအပစ်အခတ်ရပ်စဲခြင်းက နှစ်ဖက်စလုံး၏ အနေအထားကို ပိုမိုအင်အားဖြည့်တင်းရန်၊ တပ်ဖွဲ့ဝင်နှင့် ရိက္ခာဖြည့်တင်းရန် အတွက် အချိန်ပေးခဲ့သည်။ စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့စိုးမိုးသော ဒေသများတွင် လူသားချင်းစာနာရေးအထောက်အပံ့များ ပိတ်ဆို့ထားမှုကို ပြန်လည်ဖွင့်ပေးမည်ဆိုသော ကတိကဝတ်ပေးကာ ရပ်စဲထားစဥ်အတွင်း အချိန်မဖြုန်းဘဲ အခွင့်အရေးကို ထိထိမိမိအသုံးချခဲ့သည်။

အကယ်၍ လူသားချင်းစာနာထောက်ထားရေး အခြေအနေများ ပိုမိုဆိုးရွားလာပါက ရက္ခိုင့်တပ်တော်အနေဖြင့် အပစ်အခတ်ရပ်စဲရေးကို ဖျက်သိမ်းဖွယ်ရှိသည်။

အပစ်အခတ်ရပ်စဲရေး အသက်ဝင်လာသောအခါ ရက္ခိုင့်တပ်တော်သည် မောင်တောမြောက်ပိုင်းခရိုင်များနှင့် ဘင်္ဂလားဒေ့ရှ်ကြား နယ်စပ်တွင်ရှိသော စစ်ကောင်စီစခန်းများကို သိမ်းပိုက်ခြင်း၊ ဖျက်ဆီးခြင်း တို့ ပြုလုပ်နိုင်ခဲ့သည် ဟု ယူဆရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရက္ခိုင်ပြည်နယ်တဝှမ်းရှိ တခြားစခန်း ၃၇ တို့မှ ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီသည် စီးပွားရေး၊ စစ်ရေးအရ အရေးကြီးသော ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ထိန်းချုပ်မှု သိသိသာသာ အားနည်းသွားမည်ဟု ဆိုရမည်ဖြစ်သည်။

ဒေသအတွင်း စပါးရိတ်သိမ်းခြင်းများပြီးဆုံးသည့် အချိန်တွင် တိုက်ပွဲများပြန်လည်ပေါ်လာနိုင်ခြေရှိနေသည်။ စစ်ကောင်စီအတွက်ထိုကဲ့သို့ ဆုံးရှုံးမှုများရှိနေသော်လည်း စစ်ကောင်စီအနေဖြင့် ရက္ခိုင်ပြည်တွင် ထိန်းချုပ်နယ်မြေများအတွက် ပြန်လည်တိုက်ခိုက်လာနိုင်ပြီး အရပ်သားပြည်သူများကို ထိခိုက်စေသည့် မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်အသုံးချလာနိုင်ဖွယ်ရှိသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် နာမည်ကျော် ခရီးသွားလုပ်ငန်းများနှင့် တရုတ်ပိုင် ကျောက်ဖြူဆိပ်ကမ်းစီမံကိန်းတည်ရှိရာ တောင်ပိုင်းဖက်ကို စစ်ရေးအရ အာရုံစိုက်လာနိုင်ပြီး ရက္ခိုင်ပြည်မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် အသာစီးရ စိုးမိုးနိုင်ပါက အုပ်ချုပ်ရေးကိစ္စများကို ပြန်လည်တည်ဆောက်လာနိုင်မည် ဖြစ်သည်။

ပြည်သူများကြားတွင် ရက္ခိုင့်တပ်တော်၏ နာမည်ဂုဏ်သတင်းကြီးမားခြင်းက အားသာချက်တစ်ခုဖြစ်နေသော်လည်း မြန်မာပြည်အရှေ့ဖက်နယ်စပ်တစ်လျှောက်ရှိ ရှေ့ကျသော တိုင်းရင်းသား နယ်မြေများတွင် ကျင့်သုံးနေသည့် ရှင်းလင်းသော အုပ်ချုပ်မှုနည်းစနစ်များ နှင့် လုပ်ကိုင်နိုင်စွမ်းများကဲ့သို့ အရာများ ရက္ခိုင့်တပ်တော်စိုးမိုးသည့် နေရာများတွင် ကင်းမဲ့နေကြောင်း တွေ့ရသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် သီးခြားလွပ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြိုးပမ်းလာသော်လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင် က နောက်ထပ် ရွေးချယ်ချက်တစ်ခုအနေဖြင့် ကွန်ဖက်ဒရိတ် ကို ထည့်သွင်းပြောဆိုခဲ့သည်။ ဗိုလ်ချုပ်အနေဖြင့် ရက္ခိုင်ပြည်သူလူထု အကျိုးဖြစ်ထွန်းစေမည့် အရာ မည်သည့်အရာမဆို ဦးစားပေးရမည့်အရာဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း လတ်တလောတွင် လမ်းနှစ်ဖက်ကြား ပို၍ မရှင်းမလင်းဖြစ်လျှက်ရှိသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရက္ခိုင်ပြည်အတွင်းရှိ လူမျိုး၊ဘာသာ ကွဲပြားသော ပြည်သူများအတွက် အားလုံးစုစည်းပါဝင်လာနိုင်မည့် ရက္ခိုင်ပြည်ပုံစံအသစ် (version) ကို ထုတ်ဖော်ပြောဆိုခဲ့သည်။

သို့ရာတွင် အဓိကကျသော ဥပဒေသအဖြစ် လူမျိုးကွဲပြားသော်ငြားလည်း တန်းတူညီမျှသော အစိုးရအုပ်ချုပ်ရေး စနစ်အဖြစ် ယင်းပုံစံကို မည်သို့မည်ပုံ ပြောင်းလဲသွားမည်ဆိုသည့် အချက်ကား မရှင်းမလင်း ဖြစ်နေသည်။

လက်ရှိအခြေအနေတွင် မူဆလင်လူများများအပေါ် အသေးစိတ် စီစဥ်ထားသည့် ခွဲခြားဆက်ဆံရေးဆိုင်ရာ စနစ်များနှင့် တခါတရံ မျိုးတုန်းသတ်ဖြတ်နိုင်ဖွယ်ရှိသည့် တားမြစ်ချက်များကို ချမှတ်ထားခြင်းများမှာ ယခင်အတိုင်း ဆက်လက်ရှိနေမြဲပင်ဖြစ်သည်။

ရက္ခိုင်တိုင်းရင်းသား နိုင်ငံရေးပါတီ သုံးဖွဲ့သည်လည်း ရက္ခိုင်ပြည် နိုင်ငံရေးအင်အား၏ အစိတ်အပိုင်းတစ်ရပ်အနေနှင့် ရှိနေသည်။ မြန်မာစစ်တပ်၏ ဆယ်စုနှစ်ပေါင်းများစွာကြာ ခွဲခြားဆက်ဆံရေးမူဝါဒ (divide-and-rule policies) များက မည့်သည့်အခါမှ လွင့်ပြယ်ပျောက်ကွယ်မသွားနိုင်မည့် အကြောက်တရားတစ်မျိုးကို ၄င်းတို့ထံ ရိုက်သွင်းထားသည်။

စစ်ကောင်စီက ယင်းအချက်ကို သိသဖြင့် အာဏာသိမ်းသည့် ပထမနေ့မှစ၍ စစ်ကောင်စီ ယန္တရားတွင် နေရာပေးရန် ပါတီသုံးခုစလုံးကို ကမ်းလှမ်းခဲ့သည်။ ထိုကမ်းလှမ်းချက်ကို အကြီးဆုံးပါတီဖြစ်သည့် ရခိုင်အမျိုးသား ပါတီက လက်ခံခဲ့သော်လည်း လူထုက ကျယ်ကျယ်လောင်လောင်တုန့်ပြန်သည့်အခါ လေးငါးလ အကြာတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။

စစ်ကောင်စီသည် လက်ရှိတွင် ဇန်နဝါရီ ၉ ရက်မှ စတင်ကာ ရက္ခိုင်ပြည်တွင် ရွေးကောက်ပွဲမတိုင်မီ သန်းခေါင်စာရင်း ကောက်ရန် စီစဥ်နေပြီး ၄င်းပါတီများကိုလည်း အတင်းဖိအားပေးလာနိုင်သည်။

ထို့ကြောင့် ရက္ခိုင်ပြည်အတွင်းရှိ ရက္ခိုင်ပါတီများအနေဖြင့် အတုအယောင်ရွေးကောက်ပွဲအဖြစ် သတ်မှတ်ထားကြသည့် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်လို၊ မလိုကို ဆုံးဖြတ်ရတော့မည်ဖြစ်သည်။

လက်ရှိအချိန်အထိ ကမ္ဘာကြီး၏ အာရုံမှာ မူဆလင် များအပေါ်တွင်သာ ကျရောက်နေပြီး ယင်းအချက်ကို ပြောင်းလဲပစ်ရမည်ဖြစ်သည်။

မူဆလင် အကျပ်အတည်းက မကုန်ဆုံးနိုင်သေးချေ။ တစ်ဖက်တွင်လည်း မူဆလင်အရေးသည် ဦးစားပေးကိစ္စဖြစ်သော်လည်း ၄င်းတစ်ခုတည်းကိုချည်း သီးသန့် ဖြေရှင်းလို့ ရနိုင်ပေ။ မူဆလင် အကျပ်အတည်းသည် ရက္ခိုင်ပြည်တစ်ခုလုံး၏ ငြိမ်းချမ်းရေးနှင့် တိုးတက်ဖွံဖြိုးရေးကို နှောင့်ယှက်ဟန့်တားနေသည့် အုပ်ချုပ်မှုစနစ်ဆိုင်ရာ ပြဿနာ တသီတတန်း၏ အစိတ်အပိုင်း တစ်ခုမျှသာဖြစ်ပေသည်။

၂၀၂၁ခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများ အသင်းသည် မြန်မာနိုင်ငံ၏ အာဏာသိမ်းမှုမတိုင်ခင်က အကျပ်အတည်းကို ဖြေရှင်းရန် အချက်ငါးချက်ပါဝင်သည့် အစီအစဥ်တစ်ရပ်ကို ချမှတ်ခဲ့သည်။ သို့ရာတွင် အာဆီယံအဖွဲ့၏ တိုက်ရိုက် ပထဝီဗျူဟာမြောက်သည့် လုပ်ပိုင်ခွင့်များကို ကန့်သတ်ထားသည်။

အာဆီယံအဖွဲ့ဝင် ၁၀နိုင်ငံထဲမှ လာအိုနှင့် ထိုင်းတို့သာ မြန်မာနှင့် နယ်နမိတ်ချင်းထိစပ်နေသည်။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းဖြစ်သော တရုတ်၊ အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ်တို့မှာလည်း အာဆီယံအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် မပါဝင်ကြပေ။

ရက္ခိုင်ပြည်ရှိ ရှုပ်ထွေးသည့် အခြေအနေက ဤမအောင်မြင် ဆုံးရှုံးနေသည့် အရာများကို အသေအချာကိုင်တွယ်ရန် လိုအပ်ကြောင်း မီးမောင်းထိုးပြနေသည်။ ဆက်လက်ဖြစ်ပွားနေသည့် အကျပ်အတည်းများ‌ကြောင့် မြန်မာအိမ်နီးချင်းနိုင်ငံများသည်လည်း ပြင်းထန်သည့် နယ်စပ်ပြဿနာအကျိုးဆက်များကို ရင်ဆိုင်ကြုံတွေ့ကြရသည်။

ရက္ခိုင်ပြည်တွင် လူသားချင်းစာနာထောက်ထားသော အခြေအနေ ဆိုးရွားလာပါက နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာအနောက်ဖက် နယ်စပ်လမ်းကြောင်းများဖွင့်ရန် အိန္ဒိယ နှင့် ဘင်္ဂလားဒေရှ့် တို့နှင့် အရှိန်တိုးမြှင့်ဆောင်ရွက်ရန် လိုပြီး ထိုင်းနယ်စပ်တလျှောက်ဖြစ်ပွားနေသော အရာများကို နမူနာယူကာ ရက္ခိုင်ပြည်၏ ဒုက္ခပင်လယ်ဝေနေသော ပြည်သူလူထုကို ကူညီရန် အတွေ့အကြုံရှိ အားကိုးအားထားရသော ဒေသတွင်းအဖွဲ့အစည်းများကို အသုံးပြုသွားရမည် ဖြစ်ပါသည်။

Nikkei Asiaမှ Laetitia van den Assum ရေးသားထားသည့် Broder solution for Myanmar’s Rakhine will be key for Rohingya သတင်းဆောင်းပါးကို ABN မှ ကျော်ဇံနှင့် သူရမောင် ဘာသာပြန်သည်။

ရက္ခိုင်ပြည်အရေး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဆုံးဖြတ်အ​ဖြေရှာမှ မူဆလင်အကျပ်အတည်း ပြေလည်နိုင်လိမ့်မည်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ