သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်အမျိုးသားတော်လှန်ရေး၏ ဝါရင့်ခေါင်းဆောင် ဗိုလ်မှူးမောင်စောယဉ် ကွယ်လွန်


​AB News – မေ ၁၃၊ ၂၀၂၆

​ရက္ခိုင်လက်နက်ကိုင် တော်လှန်ရေးလောကတွင် ဆယ်စုနှစ်ပေါင်းများစွာ တစိုက်မတ်မတ် ပါဝင်လှုပ်ရှားခဲ့သည့် ဝါရင့်တော်လှန်ရေးသမားနှင့် မျိုးချစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးမောင်စောယဉ် (အသက် ၇၇ နှစ်) သည် ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။

​ဗိုလ်မှူးမောင်စောယဉ်သည် မေလ ၁၁ ရက်၊ နံနက် ၈ နာရီအချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရွာတော်ခရိုင်၊ ဗျိုင်းမတောက်ကျေးရွာ၌ အသက်ကြီးရင့်မှုကြောင့် ဖြစ်ပွားသော ရောဂါဝေဒနာဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ရုပ်အလောင်းကို မေလ ၁၂ ရက်နေ့တွင် ကောင်းမွန်စွာ သင်္ဂြိုဟ်ပြီးစီးခဲ့ကြောင်း သိရသည်။

​ဗိုလ်မှူးမောင်စောယဉ်သည် ငယ်စဉ်အရွယ်မှစ၍ ရက္ခိုင်ပြည်သူတို့၏ လွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်ကာ ခြေစုံပစ်ဝင်ရောက်ခဲ့သူ ဖြစ်သည်။

ဗိုလ်မှုး၏ တော်လှန်ရေး သမိုင်းကြောင်းတွင် ထင်ရှားသည့် မှတ်တိုင်များမှာ ၁၉၇၈ ခုနှစ်တွင် ရက္ခိုင်ပြည်ကွန်မြူနစ်ပါတီ(ACP) က မင်းပြားမြို့ကို တိုက်ခိုက်သိမ်းပိုက်ရာ၌ ရှေ့တန်းမှ ဦးဆောင်အခန်းကဏ္ဍက ပါဝင်ခဲ့သည်။

​မိခင်ပါတီဖြစ်သော ACP အပြင်၊ နောက်ပိုင်းတွင် ရက္ခိုင်ပြည်အမျိုးသား ညီညွတ်ရေးတပ်ဦး(NUFA )၊ ရက္ခိုင်ပြည်အမျိုးသားပါတီ (NUPA) နှင့် ဗိုလ်ရာဇာ ဦး​ဆောင်သော အာရက္ခတပ်တော်(AA) တို့တွင်လည်း တက်ကြွစွာ ပူးပေါင်းပါဝင်ကာ ရက္ခိုင်တော်လှန်ရေးအင်အားစုများ ညီညွတ်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သည်။

​ဗိုလ်မှူးမောင်စောယဉ်သည် တော်လှန်ရေးသက်တမ်းတစ်လျှောက် မည်သည့်အခါမျှ ရန်သူ့ထံ ဒူးမထောက်၊ လက်မမြှောက်ဘဲ ကြံ့ကြံ့ခံ တိုက်ပွဲဝင်ခဲ့သူ ဖြစ်သည်။ ကိုယ်ကျိုးမဖက်ဘဲ ဆင်းရဲဒုက္ခမျိုးစုံကို ခါးစည်းခံကာ ရက္ခိုင်အမျိုးသားတို့၏ အမျိုးသားညီညွတ်ရေးအတွက် သေဆုံးချိန်အထိ မားမားမတ်မတ် ရပ်တည်ခဲ့သည်။

​”သစ္စာရှိခြင်း၊ ပြတ်သားခြင်းနှင့် ရိုးသားခြင်းတို့၏ ပြယုဂ်ဖြစ်သော ဗိုလ်မှူးမောင်စောယဉ် ကွယ်လွန်ခြင်းသည် ရခိုင်တော်လှန်ရေး အသိုက်အဝန်းအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်သည်” ဟု တော်လှန်ရေး ရဲဘော်ရဲဘက်များက လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်ထားကြသည်။

သူ၏ အသုဘအား ဗျိုင်းမတောက်ကျေးရွာ၌ မေလ ၁၂ ရက် နေ့လယ်က ကျင်းပရာ ရက္ခိုင်တော်လှန်ရေး အသိုင်းအဝိုင်းမှ ရဲဘော်ရဲဘက်များ၊ ဒေသခံပြည်သူများ ၃၀၀ ခန့် လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

​ခေတ်အဆက်ဆက် ပြောင်းလဲခဲ့သည့် တော်လှန်ရေးလမ်းကြောင်းများအကြား မပြောင်းလဲသော စိတ်ဓာတ်ဖြင့် ရပ်တည်ခဲ့သည့် ဗိုလ်မှူးမောင်စောယဉ်၏ အမည်သည် ရက္ခိုင်တော်လှန်ရေးသမိုင်းတွင် စံနမူနာပြုထိုက်သော ခေါင်းဆောင်တစ်ဦးအဖြစ် ထာဝရ တည်ရှိနေမည် ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်