
AB News – မတ် ၄၊ ၂၀၂၆
မလေးရှာနိုင်ငံ၊ ပီနန်မြို့တွင် ရက္ခိုင်လူငယ်အချင်းချင်း ဓား၊ တုတ်ဖြင့် အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ခိုက်ရန် ဖြစ်ပွားခဲ့ပြီး ဓားထိုးခံရသည့် အမျိုးသားမှာ အရေးပေါ်လူနာအဖြစ် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။
ဓားထိုးမှု ကျူးလွန်သူများနှင့် ဓားထိုးခံရသူတို့မှာ ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်မှဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင် ၎င်းတို့နေထိုင်သည့် အခန်းအတွင်း အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိသည်။
ဓားထိုးခံရသူမှာ မြောက်ဦးမြို့နယ် ကျောက်တွင်းကုန်းကျေးရွာနေ အဖ ဦးလှမောင်သိန်းနှင့် အမိ ဒေါ်မစောညွန့်တို့၏သား အသက် ၂၂ နှစ်အရွယ် ကိုကျော်ဌေး ဖြစ်ကြောင်း သိရှိရသည်။
ခိုက်ရန်ဖြစ်ပွားမှုအတွင်း ဓားထိုးမှု ကျူးလွန်ခဲ့သူများမှာ မြောက်ဦးမြို့နယ် တောဘွေကျေးရွာမှ အဖ ဦးစံရွှေဦး၏ သားများဖြစ်ကြသည့် ကိုကိုနိုင် ညီအစ်ကို နှစ်ဦးဖြစ်ကြောင်း ဓားထိုးခံရသူနှင့် ဆွေမျိုးတော်စပ်သူများက ဆိုကြသည်။
ဓားထိုးခံရပြီး ဒဏ်ရာရရှိခဲ့သည့် ကိုကျော်ဌေးမှာ လက်ရှိတွင် ဆေးကုသမှုခံယူနေရပြီး သတိပြန်မလည်နိုင်သေးသည့် အခြေအနေဖြစ်နေကာ ၎င်း၏ ဦးခေါင်းနှင့် အခြားကိုယ်လက်အင်္ဂါများလည်း ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရှိရသည်။
တရားခံ ကိုကိုနိုင်တို့ ညီအစ်ကိုနှစ်ဦးမှာ ဓားထိုးမှုကျူးလွန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေကြောင်းနှင့် ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းရှာဖွေနေကြောင်း သိရှိရသည်။