သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သမိုင်းတကွေ့မှ နယ်ချဲ့ကျုးကျော်ရန်ကို ဣထိယဗျူဟာခင်းကာ တိုက်ထုတ်ခဲ့သည့် ရက္ခိုင့်အမျိုးသမီး စစ်သူရဲကောင်း

AB News – ဆောင်းပါး
မာလာဝင်း – ရေးသည်။

အေဒီ ၁၅၃၀ ကျော်ခန့်က မြောက်ဦးရွှေနန်းတော်ကြီးအတွင်း အုပ်ချုပ်စိုးစံလျက်ရှိနေသော ဘုရင်မင်းမြတ်မှာ (သီရိသူရိယစန္ဒမဟာ) မင်းဗာကြီး ဖြစ်သည်။ မိဖုရားမှာ စောသန္ဒီဖြစ်၍ သားတော် မင်းဖလောင်း(ချစ်နှောင်း)နှင့် သမီးတော်စောသန္တာ(ငွေနုဖြူ)တို့ကို ဖွားမြင်လေသည်။ သမီးတော် စောသန္တာမှာ အမျိုးဘာသာ သာသနာကို လေးစားတန်ဖိုးထားသော အမျိုးကောင်းသမီးတစ်ဦး ဖြစ်သည့်အလျောက် စစ်ပညာရပ်များ ဖြစ်ကြသည့် ဆင်စီး၊ မြင်းစီး၊ ဓားသိုင်း၊ လွှားကာ၊ သေနင်္ဂဗျူဟာကျမ်း စသည်တို့တွင်လည်း သူမတူအောင် ထူးချွန်လေသည်။

စောသန္တာမှာ သုံးနှစ်သမီး အရွယ်ကပင် အိမ်ရှေ့စံမင်းသား၏ စီးတော်ဆင်ကို မြင်ပြီး ဆင်ဦးခေါင်းတွင် တက်စီးရန် ပူဆာဖူးသည်။ အိမ်ရှေ့စံသည် မင်းသမီးကို ချီ၍ ဆင်ဦးခေါင်းတွင် တင်ပေးလိုက်ရာ မကြောက်မရွံဘဲ ဆင်ဦးခေါင်းကိုပင် ခြေနှင့်ဆောင့်ကန်ခဲ့သည်အထိ ရဲဝံ့သော မိန်းကလေးဖြစ်သည်။ ဤအခြင်းအရာကြောင့် အိမ်ရှေ့စံမင်းသားလေးက ငါ့နှမသည် သေချာပေါက် စစ်သူရဲကောင်း ဖြစ်လိမ့်မည်ဟု ချီးမွမ်းခဲ့ရသည့်အထိပင်။ မယ်တော်ဘုရား ကိုယ်တိုင်ကလည်း သမီးတော်ကို ကိုယ်ဝန်ရစဥ်တုန်းက တိတ်နမိတ်ကောင်းများဖြစ်သည့် လှံရောင်၊ ဓားရောင်ဖြင့် တစ်နန်းလုံး လင်းထိန်ပြောင်လက်၍ မြင်မက်ဖူးခဲ့လေသည်။

မင်းဗာဘုရင်မင်းမြတ်မှာ သက္ကရာဇ် ၈၉၇ တွင် စစ်တကောင်းဒေသ (ဘင်္ဂလားဒေ့ရှ်)နယ်မြေ ၁၂ ခု တို့နှင့်အတူ ပေါ်တူဂီရေတပ်မတော်ကို သိမ်းယူအောင်မြင်တော်မူခဲ့ပြီး ယင်းကြောင့်ပင်လျှင် ရန်အောင်ဇေယျ(ခေါ်) သျှစ်သောင်းပုထိုးတော်ကြီးကို တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။ စစ်ရေးအင်အားကိုလည်း နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်အောင် ပေါ်တူဂီ၊ ဒတ်ချ်၊ ဂျပန်၊ ပြင်သစ်၊ ယိုးဒယား၊ စပိန် စသည့်နိုင်ငံများမှ စစ်ပညာရှင်များ ငှားယူ၍ ရက္ခိုင့်တပ်မတော်ကို ခိုင်မာအောင် တည်ဆောက်ခဲ့လေသည်။ မြို့တော်ပတ်ပတ်လည်၌ ကျောက်မြို့ရိုး ခံတပ်ပေါင်း ၁၁ ခုဖြင့် အလွန်ခိုင်ခံ့ တင့်တယ်ကျစ်လစ်စွာ တည်ထားစေခဲ့ပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက် ပတ်ပတ်လည်တို့တွင် ကန်ပိုင်ကြီးတို့ဖြင့် အထပ်ထပ် ကာရံမွမ်းမံစေခဲ့၏။

သက္ကရာဇ် ၉၀၈ ခု၊ တပို့တွဲလဆန်း ၂ ရက်နေ့တွင် မြောက်ဦးထီးနန်းကို ကျူးကျော်တိုက်ခိုက်ရန် တောင်ငူဘုရင် တပင်ရွှေထီး၏ တပ်များသည် တတိယအကြိမ်မြောက် ချီတက်လာခဲ့ကြသည်။ တောင်ကုတ်လမ်းနှင့် အမ်းလမ်းနှစ်သွယ်တို့မှ တဖြောင့်တည်း ချီတက်လာခဲ့ကြရာ လမ်း၌အနှောင့်အယှက် တစုံတရာမရှိ ထို့ကြောင့်ပင် ရခိုင်ပြည်ကြီးကို အလုံးစုံ သိမ်းပိုက်နိုင်ပြီဟု ထင်မှတ်ကာ လေးမြို့မြစ်ကြီး၏ တစ်ဖက်ကမ်း ပြိုင်းတောင်ဓာတ် တောင်ခြေရင်း၌ တပ်စွဲရပ်တန့်ကာ နေခဲ့ကြသည်။ လဆန်း (၃) ရက်နေ့တွင် မြစ်ကိုကူးကာ လောင်းကြက်မြို့တော်ဟောင်းရာ၌ အခိုင်အခန့် တပ်ကြီးတည်ပြီးမှ မြောက်ဦးမြို့တော်ကို တိုက်ခိုက်ရန် ကြံစည်ထားကြလေသည်။

ရွှေမြို့တော်ကြီး တစ်ခုလုံး၌ မင်းနှင့်တကွ မိဖုရား၊ ခြွေရံ၊ မှူးမတ်၊ ဗိုလ်ပါ အပေါင်းတို့ ရုတ်ရုတ်သဲသဲ စုရုံးကာ တိုင်ပင်ညှိနှိုင်း ကြလေပြီ။ ဘုရင့်သည်းချာ သမီးရတနာ တစ်ပါးဖြစ်သည့် မင်းသမီး စောသန္တာတစ်ယောက် မကျေမချမ်း အံတင်းတင်းဖြင့် တိုင်းပြည်နှင့်လူမျိုး အပေါ် စော်ကားရန်စခြင်း ဟူသော အသိစိတ်မှာ အသဲစိုင်ထဲ ဆတ်ဆတ်ခါ တုန်လှုပ်ခံပြင်းနေလေသည်။

စောသန္တာမှာ စစ်ရေး အတတ်ပညာများကို တတ်ကျွမ်းပါလျက် အသုံးချခွင့်မရလျင် ထိုပညာများသည် အကျိုးမဲ့ဖြစ်ချေတော့မည်။ ထို့ကြောင့် စစ်ချီထွက်ခွင့်ရရှိရန် ခမည်းတော်ထံ လျှောက်ပန်ခဲ့လေသည်။ ဖခမည်းတော် ဘုရင်ကြီးအား အကျိုးသင့် အကြောင်းသင့် လျှောက်တင်နိုင်ခြင်းတို့ကြောင့် စစ်ချီခွင့်ရရှိခဲ့လေသည်။

ဘုရင်မင်းမြတ်မှာ သားတော်ကြီး အိမ်ရှေ့စံမင်းတိက္ခာကို သင်္ဘော ၃၅ စင်းနှင့် ဘင်္ဂါ ၁၂ မြို့က ကုလားစစ်သည် ရဲမက်များနှင့် နဂရစ်မော်တင်ကျွန်းက တပ်ချ အသင့်စောင့်ခိုင်းပြီး သားငယ်ချစ်နှောင်းကို မြုံ၊ သက်၊ လင်ကဲ့၊ ချင်း၊ ချော်၊ ချောင်းသား၊ ပတူး စသည့် ရက္ခိုင်ပြည်ဖွား လူမျိုးစုများနှင့်တကွ ရက္ခိုင်ရိုးမ ဘိုးခေါင်တောင် ကနေဆီးပြီး တပ်ကြီးတည် စောင့်နေခိုင်းရန် တာဝန်အသီးသီးပေးလေသည်။ သမီးတော် စောသန္တာမှာ စစ်နိုင်ရာ အကြောင်းတရားများကို ရှေးရှုပြီး ဣထိယတို့၏ ၄၀ သော မာယာ အခရာ စွမ်းနိုင်သမျှ ဆောင်ရွက်စေဟု အမိန့်တော် ချမှတ်လေသည်။

လောင်းကြက်မြို့ဟောင်း နေရာ၌ တပင်ရွှေထီး၏တပ်များ အခိုင်အခန့် တပ်ကြီးတည်ထားကြရာ တစ်နေ့၌ ရွှေမြို့တော်၏ အရှေ့တံခါးဖက်မှ ငိုယိုမြည်တမ်းလျက် ထွက်လာကြသည့် လူတစ်စု၊ ကိုယ်လက်အင်္ဂါတို့၌လည်း ကြိမ်ဒဏ်ကြိမ်ချက်များဖြင့် နေဝင်ချိန်ရီတရော၌ ဝမ်းနည်းဖွယ် ထွက်ပြေးလာကြသည်။

စစ်သူကြီးစောစစ်မောင် ဦးဆောင်သည့် တပင်ရွှေထီးတပ်မှ ဖမ်းဆီးမေးမြန်းကြည့်ရာ ရုပ်ရည်အဆင်း ချောမောပြေပြစ်ကာ ညစ်ပတ်ပေစုတ်နေသည့် အဝတ်အစားဖြင့် ဒဏ်ရာဒဏ်ချက် ဗလဗွများနှင့် ပြည့်နှက်နေသည့် မိန်းမငယ်လေးတစ်ဦးက မင်းဗာဘုရင်သည် လွန်စွာယုတ်ညံ့သည့် ဘုရင်ဖြစ်ကြောင်း မိမိ၏ မောင်ကြီးနှစ်ယောက်ကိုလည်း ရက်ရက်စက်စက် သတ်ပစ်လိုက်ကြောင်း အသနားခံပြောလေသည်။ ထိုသူတို့ကို အသားကြေကြေ အရည်ခမ်းခမ်း လက်တုန့်ပြန်ချင်ကြောင်း ပြောသည်။ နုနယ်ပျိုမျစ်လွန်းသည့် မိန်းမပျိုလေး၏ ရင်တွင်းသောက အပူမီးများနှင့် မြင်မကောင်းဖွယ် ဒဏ်ရာအနာတရများမှာ ရင်နင့်သနားစဖွယ် ဖြစ်နေသောကြောင့် စစ်သူကြီးမှာ အနည်းငယ်မျှ သံသယမဝင်ဘဲ ယုံကြည်မိတော့သည်။ စောသန္တာသည် စစ်သူကြီးတပ်စခန်းတွင် ၁ လနီးပါးခန့် ခိုလှုံကာ အစီအစဥ်ချထားသည့်အတိုင်း အကွက်ထဲဝင်လာရန် လုပ်ဆောင်လေသည်။

မြောက်ဦးမြို့ကို ရန်သူများလာရောက် တိုက်ခိုက်မည်ဆိုလျှင် အရှေ့ဖက်မှ ဝင်ရောက်နိုင်သည့်အတွက် ကြီးမားသော ခံတပ်ကိုချထားကြောင်း မြို့တော်၏ အနောက်မြောက်ထောင့်အရပ် ကျောက်ရစ်မြို့ရိုးနှင့် ငွေတောင်မြို့ရိုးတို့မှာ ရန်သူလာသော လမ်းကြောင်းမဟုတ်သည့်အပြင် တပ်ကြီးချထားခြင်း လည်းမရှိကြောင်း ပြောလေသည်။ ထို့ကြောင့် အရှေ့ဖက် လေသာခံတပ်ဖက်ကို ဘုရင်ဦးဆောင်သော တပ်တော်ကို ဝင်ရောက်စီးနင်းစေပြီး မိမိနှင့် စစ်သူကြီးတို့တပ်မှာ ကျောက်ရစ်မြို့ရိုး ဖက်မှဝင်လျှင် အောင်နိုင်မည်ဖြစ်ကြောင်း ပြောလေသည်။ စစ်သူကြီးလည်း ယုံလွယ်ကာ ထိုစကားများကို လက်ခံခဲ့လေသည်။

တပင်ရွှေထီးထံမှ ခွင့်ပြုချက်ရသဖြင့် မင်းသမီးညွှန်ကြားသည့် အတိုင်းပင် မြောက်ဦးမြို့တော်အား နှစ်ဖက်ပိတ်၍ ဝင်တိုက်ရန် စီစဥ်လေသည်။ စစ်သူကြီးနှင့် မင်းသမီးမှာ တပ်စုခွဲအား ဦးဆောင်ကာ ကျောက်ရစ်မြို့ရိုးနှင့် ငွေတောင်မြို့ရိုး အနီးထိ ချဥ်းကပ်ကြ၏။ ရန်သူတပ်များ ဝင်ရောက်မည့် အချိန်ကာလနှင့် နေရာကို မင်းသမီးစောသန္တာ၏ ကြိုတင် သတင်းပို့ထားမှုကြောင့် အကွက်ချကာ စီမံထားပြီးသားဖြစ်သည်။ မင်းသမီးက စစ်သူကြီးကို ကျောက်ရစ်မြို့ရိုးပေါ် ကျော်တက်ပြီး အစောင့်အနအထားကို စောင့်ကြည့်ရန် သွားကြည့်မည်ဖြစ်ကြောင်းနှင့် အခြေအနေကောင်းလျှင် တပိုးမှုတ်ပြီး အချက်ပေးမည်၊ ထိုအသံကြားသည်နှင့် မြို့တော်ကိုချီတက် တိုက်ခိုက်ရန် ပြောပြီး သွားလေသည်။

သန်းခေါင်လွန်ချိန် ရောက်သည့်အခါ အချက်ပေးသံကြားသည်နှင့် မြို့ရိုးကိုကျော်၍ တိုက်ခိုက်ရန် ပြင်လေတော့သည်။ ဤတွင် မည်သို့မျှ တွေးထားခြင်းမရှိသည့် အခြေအနေဆိုး ဗြုန်းစားကြီး ပေါ်ပေါက်လာခဲ့သည်။ မိုးဟိန်းသံအလား မြည်ဟိန်းနေပြီး ထိုအသံမှာ တောင်ဖြူဆည်၊ သဒွတ်မြောင်၊ ငှက်ကြီးမြောင်စသော ကျူံးပင်လယ်ကြီးတို့မှ လှောင်ထားသောရေတို့အား ကျူံးခြောက်များထံ ဖွင့်ချသည့် ရေစီးအဟုန်အလျင်များပင်၊ စစ်သူကြီး၏တပ်များ တစ်ခုလုံး ရေများ ပြည့်လျံကာ ရေဟုန်အလိုက် ဖရိုဖရဲ မျောပါသွားကြလေသည်။

စစ်သူကြီးမှာ ထိုမိန်းမငယ်လေးကား အခြားသူမဟုတ် မင်းဗာဘုရင်၏ သမီးတော်ရင်းဖြစ်ကြောင်း သိရှိပြီး မိမိ၏ မေတ္တာတရား ယုံကြည်မှုတို့ကို လှည့်စားကာ ခုတုံးလုပ်ခံရခဲ့မှုကို သိရှိသောအခါ နောက်ကျသွားခဲ့လေပြီ။ အရာအားလုံး အဆုံးသတ်အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် မြို့တော်တစ်ခုလုံး သောင်းသောင်းပျပျဖြင့် ရက္ခအောင်လံ တဝင့်ဝင့်ဖြင့် အောင်ပွဲခံကြပြီး တောင်ငူဘုရင် တပင်ရွှေထီး၏ တပ်များမှာကား အရေးနိမ့်ကျရှုံးကာ စစ်ရှုံးသုံ့ပန်းများအဖြစ်သို့ ရောက်ရှိသွားတော့သည်။

မင်းသမီး စောသန္တာသည် ရခိုင်သမိုင်းမှာ ရှားရှားပါးပါး ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော မင်းသမီးတစ်ပါးဖြစ်သည်။ တက်ကြွသည့် မျိုးချစ်ရဲမာန် ရဲသွေးများဖြင့် ရှေ့ဆုံးက ဦးဆောင် တိုက်ခိုက်ခြင်းကြောင့် ရက္ခိုင်ပြည်သူ တစ်ရပ်လုံးအတွက် အရေးပါသော အောင်ပွဲကို ရရှိခဲ့သည်။

မျိုးဆက်သစ် ရက္ခိုင့်သမီးပျိုများ အနေဖြင့်လည်း မင်းသမီးစောသန္တာ၏ ပြင်းပြသော မျိုးချစ်စိတ်ဓာတ်နှင့် လုပ်ဆောင်ပုံများကို စံနမူနာအဖြစ် မှတ်ယူသင့်သည်။ အမျိုးသမီးတစ်ဦး၏ လုပ်ဆောင်နိုင်စွမ်းနှင့် ရဲစွမ်းသတ္တိကို အများသိအောင် ထုတ်ဖော်ပြသနိုင်ခဲ့ပြီး အမျိုးသမီးများကို ယေဘုယျအားဖြင့် အားနွဲ့သူများအဖြစ် အထင်သေးကြသော လူမှုပတ်ဝန်းကျင်အား ပြောင်းပြန်လှန်ပြခဲ့သော အမျိုးသမီးတစ်ဦး ဆိုလည်းမမှားပေ။

စာရေးသူသည် ဤဆောင်းပါး ‌ရေးသားရာတွင် စာရေးဆရာ ဦးမောင်ထွန်းအောင်၊ ၂၀၀၂၊ ရက္ခိုင်အမျိုးသမီးသူရဲကောင်းအတ္ထုပ္ပတ္တိ ကို ကျမ်းကိုးအဖြစ် ကိုးကား၍ ရေးသားခြင်း ဖြစ်ကြောင်း စာဖတ်သူများသို့ အသိပေးအပ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ