သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပြည်ထောင်စုနေ့လား၊ ကျည်ထောင်စုနေ့လား

AB News – ဆောင်းပါး
ဆောင်းပါးရှင် – မာမဃ

ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်ဟာ ပြည်ထောင်စုနေ့ဆိုပြီး အတန်းစာသင်ရိုးမှာ ငယ်ငယ်ကတည်းက သင်ကြားခဲ့ရပါတယ်။ အဲဒီတုန်းက သိခဲ့ရတာက ပြည်ထောင်စုနေ့မှာ မြန်မာနိုင်ငံတိုင်းရင်းသားတွေအားလုံး ဉမကွဲ သိုက်မပျက်၊ အေးတူပူမျှရှိနေတယ်ဆိုတာပါပဲ။

ဒီစကားတွေဟာ Ethnic Harmony လို့ခေါ်တဲ့ မတူကွဲပြားတဲ့ မျိုးနွယ်စုတွေ ယှဉ်တွဲနေထိုင်ရေးဆိုတဲ့ ဘက်ကိုပဲ သမိုင်းအလိမ်တွေနဲ့ မီးမောင်းထိုး လမ်းလွှဲပြထားတော့ တကယ်ပဲ ဟုတ်လှပြီလို့ထင်ခဲ့ပါတယ်။

တခါ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး စတဲ့ ဝေါဟာရတွေနဲ့ လိမ်နေခဲ့တာလည်း ဒီနေ့ဆိုရင် ၇၉ နှစ်ရှိလာပြီး ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပင်လုံစာချုပ်ချုပ်ဆိုပြီး တိုင်းရင်းသားအားလုံး သဘောတူညီချက်နဲ့ ဗြိတိသျှဆီကနေ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအဖြစ် လွတ်လပ်ရေးယူဖို့ သဘောတူညီခဲ့ကြတာလို့ ဆိုပါတယ်။ ဒါကို အစွဲပြုပြီး ပြည်ထောင်စုနေ့အဖြစ် သမုတ်လိုက်ကြတာပါ။ ပြည်ထောင်စုနေ့ဖြစ်လာဖို့ ပင်လုံစာချုပ်မှာ ဘယ်သူတွေ ချုပ်ဆိုခဲ့ကြတာလဲ။ စာချုပ်ထဲမှာ ဘာတွေပါလဲ။ ပင်လုံစာချုပ်နဲ့ ပြည်ထောင်စုနေ့ဟာ တိုင်းရင်းသားလူမျိုးစုအားလုံးကို တကယ့် ကိုယ်စားပြုခဲ့ပါသလား။

မြန်မာနိုင်ငံမှာ ကချင်၊ ကယား(ကရင်နီ)၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရက္ခိုင်၊ ရှမ်းဆိုပြီး တိုင်းရင်းသားလူမျိုးစုကြီး ၈ ခု ရှိပါတယ်။ ဒါဆို ပြည်ထောင်စုနေ့ဖြစ်လာတဲ့ ပင်လုံစာချုပ်မှာ ဗမာ၊ ကချင်၊ ချင်း၊ ရှမ်း လူမျိုးတွေပဲပါဝင်တာကို တွေ့ရပြီး ရက္ခိုင်၊ မွန်၊ ကရင်၊ ကရင်နီတို့ ပါဝင်တာမတွေ့ရပါဘူး။ ဒီတော့ ပြည်ထောင်စုနေ့ ပြဿနာနဲ့ ပင်လုံ စာချုပ် ဝါဒမှိုင်းက ဒီကစပါတယ်။

တကယ်တော့ ပြည်ထောင်စုနေ့ဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံကို ကိုယ်စားမပြုခဲ့ပါဘူး။ ပင်လုံစာချုပ်မှာ လက်မှတ်ထိုးခဲ့ကြသူတွေထဲ ဗမာပြည် ကိုယ်စားလှယ် ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ကချင်ပြည်ကိုယ်စားပြု ခေါင်းဆောင် ၆ ဦး၊ ချင်းပြည်ကိုယ်စားပြု ခေါင်းဆောင် ၃ ဦး၊ ရှမ်းပြည်ကိုယ်စားပြု ၁၄ ဦးတို့ဖြစ်ပါတယ်။

ကျန်တဲ့ ရက္ခိုင်၊ မွန်၊ ကရင်၊ ကရင်နီတို့ ဘာကြောင့် မပါဝင်ခဲ့သလဲ။ သူတို့က ဖယ်ကျဉ်ထားခဲ့တာလား၊ ဒါမှမဟုတ် ပင်လုံစာချုပ်ရဲ့ နောက်ကွယ်မှာ အခြားအကြောင်းပြချက်တွေ ရှိနေခဲ့တာလဲ။

ဒုတိယ ကမ္ဘာစစ်အပြီး စစ်ဒဏ်ကြောင့် အင်အားချိနဲ့နေတဲ့ ဗြိတိသျှတွေဟာ သူတို့ရဲ့ နေမဝင်အင်ပါယာကြီးကို လက်လွှတ်ဖို့ကြောင်းဖန်လာပါတယ်။ မြန်မာပြည်ကို အမြန်ဆုံး လွတ်လပ်ရေးပေးဖို့ စဉ်းစားချက်ရှိလာတာကြောင့် ဗမာခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက တစုတလုံးတည်း လွတ်လပ်ရေးယူကြမယ်ဆိုပြီး စည်းရုံးခဲ့ တာပါ။

ဒီနေရာမှာ သတိပြုစရာတချက်ကတော့ ကျူးကျော်စစ် ၃ ကြိမ်နဲ့အတူ ဗမာပြည်တစ်ခုလုံး ဗြိတိသျှအောက်ကို ရောက်သွားတယ်ဆိုပေမယ့် ရှမ်း၊ ကချင်၊ ချင်းနဲ့ ကရင်နီပြည်က သီးခြားလွတ်လပ်တဲ့ တိုင်းပြည် အဖြစ် ရပ်တည်နေကြတာပါ။

အင်္ဂလိပ်တို့ဟာ ရှမ်းပြည်အတွက် (Federated Shan State Act)၊ ကချင်ပြည်အတွက် (Kachin Hills Tribes Regulation Act)၊ ချင်းပြည်အတွက် (Chin Hills Regulation Act) နဲ့ ဗမာမင်းအုပ်ချုပ်တဲ့ဒေသကို (Burma Act) ဆိုပြီးခွဲခြားခွဲပြီး အုပ်ချုပ်နေတာပါ။ ဆိုတော့ လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းက ရှမ်း၊ ကချင်၊ ချင်းလူမျိုးတွေဆီ စည်းရုံးရေးဆင်းခဲ့ပြီး ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။

အဲဒီတုန်းက ၁၉၃၅ Burma Act ဥပဒေထဲ ကရင်ပြည်ဟာ တိုက်ရိုက်အကျုံးဝင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ကရင်ပညာတတ်အချို့ဟာ ၁၉၃၅ Burma Act ဖွဲ့စည်းပြီးနောက် ဗြိတိသျှအစိုးရရဲ့ အတိုင်ပင်ခံကောင်စီမှာ ပူးပေါင်းပြီး အင်္ဂလိပ်တွေနဲ့ အဆင်ပြေအောင်နေခဲ့ကြပါတယ်။

ဒါကြောင့် ၁၉၄၆ ခုနှစ် တိုင်းပြုပြည်ပြုလွတ်တော် ရွေးကောက်ပွဲနဲ့ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်တဲ့ ကြားဖြတ် အစိုးရမှာ ပါခဲ့ကြပါတယ်။ ဒါကို ကရင်ခေါင်းဆောင် စောဘဦးက သပိတ်မှောက်ဖို့ စည်းရုံးခဲ့ပေမယ့် မအောင်မြင် ခဲ့ပါဘူး။

နောက်တစ်ချက် ဗြိတိသျှတပ်တော်ကို တိုက်ထုတ်ဖို့ ဂျပန်တပ်နဲ့အတူ ဗိုလ်ချုပ်အောင်ဆန်း ရဲဘော်သုံးကျိပ်(BIA) တပ်ဝင်လာတုန်းက ဖာပွန်မှာ ကရင်တွေ အများအပြား သတ်ဖြတ်ခံလိုက်ရပါတယ်။ အဲဒီတုန်းက ကရင်တွေဟာ ဗြိတိသျှတပ်မှာ အများအပြား စစ်မှုထမ်းခဲ့ကြတာပါ။

ဒီအကျိုးဆက် လွတ်လပ်ရေးရပြီးနောက် ၁၉၅၀ ခုနှစ်မှာ ကရင်တော်လှန်ရေးတပ်တွေ ရန်ကုန်ကို ဝင်တိုက်တော့ ရန်ကုန်တမြို့လုံး ကျလုနီးပါးဖြစ်နေချိန် ဗမာ့တပ်မတော် အရေးနိမ့်တော့ ပင်လုံစာချုပ် လက်မှတ်ရေးခဲ့တဲ့ ကချင်နဲ့ ချင်းတပ်တွေ အကူတိုက်ပေးလို့ အနိုင်ရခဲ့ပါတယ်။

အဲဒီတုန်းက ကရင်တွေဟာ ဗမာနဲ့ ပူးပေါင်းတာထက် ဗြိတိသျှဆီကနေ သီးခြားလွတ်လပ်ရေး တောင်းဆိုချင်တဲ့ ဆန္ဒရှိနေတာကြောင့် ပင်လုံစာချုပ်မှာ လက်မှတ်မထိုးဘဲ စောင့်ကြည့်နေခဲ့ကြပါတယ်။ တနည်းအားဖြင့် သီးခြားနေဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ကရင်နီ(ကယား) နယ်မြေဟာ ၁၈၇၅ ခုနှစ် စာချုပ်အရ ဗြိတိသျှနဲ့ ဗမာပြည်နှစ်ဖက်လုံးရဲ့ အုပ်ချုပ်မှုအောက် မရှိတဲ့ သီးခြားလွတ်လပ်သော နယ်မြေ (Independent State) အဖြစ် တည်ရှိနေတာပါ။ ကရင်နီပြည်ဟာ ဘယ်သူ့ ဆီမှာမှ နယ်မြေမဆုံးရှုံးခဲ့ဘဲ ရှိနေခဲ့တာဖြစ်ပါတယ်။

ဗြိတိသျှတပ်တွေ ဗမာပြည်တစ်ခုလုံးကို သိမ်းပိုက်လိုက်တယ် ဆိုပေမယ့် ဗြိတိသျှတို့ ဝင်ရောက်စွက်ဖက်တာမရှိဘဲ ကရင်နီခေါင်းဆောင် စေဖျာတွေက သူတို့ဒေသကို သီးခြားအုပ်ချုပ်နေတော့ ကရင်နီလည်း ပင်လုံစားချုပ်မှာ အကျုံးမပါဝင်ခဲ့ပါဘူး။

ရက္ခိုင်ပြည်နဲ့ မွန်ပြည်တို့ကတော့ ကိုလိုနီမတိုင်ခင်က ဗမာပြည်အပိုင် ကုန်းဘောင်ထီးနန်းရဲ့ နယ်မြေတွေ ဖြစ်ပါ တယ်။ ၁၉၃၅ Burma Act အရ ဗမာပြည်ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းက လက်မှတ်ထိုးလိုက်တာပါ။

ဆိုတော့ အဲဒီတုန်းက ရက္ခိုင်တွေ ဘာလုပ်နေလဲ။ ရိုးရိုးရှင်းရှင်းနားလည်ရရင် အဲဒီတုန်းက ရက္ခိုင်တွေဟာ သီးခြားလွတ်လပ်ရေးယူဖို့ ကြံစည်ခဲ့ကြပါတယ်။ ၁၉၄၇ ခုနှစ် ဧပြီလမှာ မြေပုံတပ်ပေါင်းစု ညီလာခံကြီးကို ကျင်းပပြီး ‘ရက္ခိုင်တိုင်းလုံးဆိုင်ရာ လက်ဝဲ ညီညွတ်ရေး တပ်ပေါင်းစု ’ ကို ဖွဲ့စည်းခဲ့ပါတယ်။

ဒီညီလာခံကို ရက္ခိုင်တိုင်း ဖဆပလ၊ ရက္ခိုင်တိုင်းပြည်သူ့ရဲဘော်၊ ဗကပ(ရက္ခိုင်တိုင်း)၊ ရက္ခိုင်ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်၊ ရက္ခိုင်ပြည်လူငယ်များအစည်းအရုံး၊ ရက္ခိုင်ပြည်တောင်သူလယ်သမားများအဖွဲ့ချုပ်၊ ရက္ခိုင်တိုင်းပြည် သူ့ရဲဘော် ဗိုလ်ကြီးကြာလှအောင်အဖွဲ့၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်က ဘုံပေါက်သာကျော်စတဲ့ အဖွဲ့ အစည်းပေါင်းစုံ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

လွတ်လပ်ရေးမရသေးခင် ကျင်းပခဲ့တဲ့ညီလာခံကြီးဖြစ်ပြီး ပြည်သူလူထုပေါင်း ၆ သောင်းကျော် တက်ရောက်ခဲ့ပြီး ရက္ခိုင်ပြည်အတွက် ဆုံးဖြတ် ချက် ၁၃ ခု ချမှတ်ခဲ့ပါတယ်။ အဲဒီအထဲက အရေးကြီးတဲ့ အချက်တွေကတော့ ဗြိတိသျှ စစ်တပ်ကို လက်တုံ့ပြန်ရေး၊ ရက္ခိုင်လူမျိုးတို့ ကံကြမ္မာ ရက္ခိုင်လူမျိုးများသာ ဖန်တီးရေးတို့ဖြစ်ပြီး ဆရာတော် ဦးစိန္တာ၊ ဆရာတော် ဦးပညာဝံသ၊ ဘုံပေါက်သာကျော်တို့ ဦးဆောင်ပါတယ်။

လွတ်လပ်ရေးကို လက်နက် ကိုင်တော်လှန်နဲ့ အရယူဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ‌တပ်ပေါင်းစုကြီးဟာ ၁၉၄၈ လွတ်လပ်ရေးရပြီး နောက်ပိုင်း အာဏာရ ဖဆပလက အပြတ်ချေမှုန်း တိုက်ခိုက်ခဲ့လို့ ပြိုကွဲခဲ့ရပါတယ်။

ပင်လုံစာချုပ်ရဲ့ အဓိက အနှစ်သာရကတော့ အချက် ၂ ခုပါ။ တိုင်းရင်းသားအားလုံး အမြန်ဆုံး ပူးပေါင်းပြီး လွတ်လပ်ရေး ရယူကြဖို့နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အပြည်အဝရှိတဲ့ ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ဖို့ ကတိကဝတ်ပဲ ဖြစ်ပါတယ်။ ဗမာတစ်ကျပ်၊ ရှမ်းတစ်ကျပ်မူ ဖြစ်ပါတယ်။

ဒါကြောင့် ရှမ်း၊ ကချင်၊ ချင်း ခေါင်းဆောင်တွေကတော့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူရေးကို မြတ်နိုးပြီး ခိုင်မာတည်တံ့တဲ့ ပြည်ထောင်စုအစစ် တည်ဆောက်နိုင်ရေးကို တန်ဖိုးထားကာ ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်လို့ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါ။

ဒီလိုနဲ့ လွတ်လပ်ရေးမရခင် ၁၉၄၇ ခု ဇူလိုင်မှာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပါတယ်။ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့မှာ လွတ်လပ်ရေးရတော့ ပင်လုံစာချုပ် ကတိကဝတ်တွေ ပျောက်ကွယ်သွားတာ ဒီနေ့အထိပါပဲ။

အဲဒီအချိန်ကစပြီး ပြည်ထောင်စုအဖွဲ့ဝင်ပြည်တွေ တန်းတူရည်တူပူးပေါင်းထားတဲ့ ပြည်မဟုတ်ဘဲ ဗမာ ပြည်မ ကဘဲ ပြည်ထောင်စုရဲ့ လုပ်ပိုင်ခွင့် အာဏာအားလုံးကို ချုပ်ကိုင်ထားခဲ့တာပါ။ ဒါကို ပင်လုံလက်မှတ်ထိုး အဖွဲ့ဝင်ပြည်တွေဟာ ပြန်လည် ခွဲထွက်ဖို့ထက် ပင်လုံကတိကဝတ်အတိုင်း ပြည်ထောင်စုတည်ဆောက်နိုင်ရေး ဖက်ဒရယ်နိုင်ငံအဖြစ် ဒီနေ့အထိ တောင်းဆိုတိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။

ဒီနေ့မှာ တပြည်ထောင်စနစ်ကို ပြည်ထောင်စုဆိုပြီး နာမည်တပ်ထားတဲ့ စစ်အာဏာရှင်တွေကတော့ ဖက်ဒရယ် လှုပ်ရှားမှုတွေကို အကြောင်းအမျိုးမျိုးပြပြီးတော့ အကြမ်းဖက်တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဒီလို့နဲ့ မြန်မာနိုင်ငံဟာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတော့ ဦးနုတာဝန်ယူပြီး လွတ်လပ်ရေးရပါတယ်။ နောက်တော့ ဖဆပလ နှစ်ခြမ်းကွဲပြီး ဦးနေဝင်းတက်လာပါတယ်။ ရွေးကောက်ပွဲလုပ်တော့ ဦးနုပြန်တက်ပြီးတော့ တိုင်းပြည်ပြိုကွဲတော့မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဦးနေဝင်း အာဏာသိမ်းပါတယ်။ နောက်ထပ် ဗိုလ်ချုပ် စောမောင်ကနေ ရွေကောက်ပွဲလုပ်ပြီး NLD နိုင်တော့ ဗိုလ်ချုပ်သန်းရွှေက အာဏာထ သိမ်းလိုက်ပါတယ်။ ဒီလိုနဲ့ တနှစ်ပြီးတနှစ် မြန်မာနိုင်ငံဟာ စစ်အာဏာရှင် စစ်ဝါဒီလက်အောက်မှာ ဒီအတိုင်းဆက်သွားနေတာပါ။

ဆိုတော့ ဗိုလ်ချုပ်နေဝင်းကနေ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အထိ ပြည်ထောင်စု မပြိုကွဲရေးဆိုတဲ့ အချက် တစ်ချက်တည်းနဲ့ အာဏာကို မတရားသိမ်းပိုက်လာတာ ဒီနေ့အချိန်ထိ ဖြစ်ပါတယ်။

ဗမာအပါဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အသီးသီးပေါ်ပေါက်လာပြီးတော့ ဗမာလူမျိုးကြီး ဝါဒနဲ့ စစ်အာဏာ ရှင်စနစ်ကို တော်လှန်နေခဲ့ကြပါတယ်။

ဒီနေ့ ပြည်ထောင်စုနေ့မှာ ရလိုက်တဲ့ သင်ခန်းစာကတော့ ပင်လုံစာချုပ်ဟာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြသခဲ့တဲ့ စာချုပ်မဖြစ်ခဲ့တာပါ။ အခြေခံမူတွေ ကောင်းမွန်ပေမဲ့ လိုက်နာကျင့်သုံးခြင်းမရှိခဲ့ဘဲ ဖျောက်ဖျက်လိုက်ကြတာလည်း ဖြစ်ပါတယ်။

ဆိုတော့ သမိုင်းအမှန်တွေကို ဖုံးကွယ်ထားပြီး မတူကွဲပြားမှုမျိုးစု Diversity များပြားလှတဲ့ မြန်မာပြည်မှာ ပြည်ထောင်စု နာမည်ပုံသွင်းပြီး တပြည်ထောင်စနစ် ဗမာလူမျိုးကြီးဝါဒ လွှမ်းမိုးမှုကြောင့် Unity In Diversity ညီညွတ်မှုဆီသို့ မရောက်ဘဲ ဒီအတိုင်းပဲရှိနေတာပါ။

ဒီတော့ ပြည်ထောင်စုမပြိုကွဲရေး ဆိုတာထက် ဒီအတိုင်းရှိနေတာ ဘာဖြစ်နေလဲ မေးခွန်းတွေ ရှိပါတယ်။ သေချာတာကတော့ ပြည်ထောင်စုမပြိုကွဲပေမဲ့ စစ်မှန်တဲ့ပြည်ထောင်စု စနစ်ကို အကောင်အထည် မဖော်နိုင်သေးလို့ မြန်မာပြည်ကြီးဟာ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေတာပါ။

တနည်းအားဖြင့် ဒီနေ့ဟာ ပြည်ထောင်စုနေ့ဆိုတာထက် ‘အာဏာဟာ သေနတ်ပြောင်းဝက လာတယ်။ အာဏာဟာ ကျည်ဆံအောက်မှာ ရှိရမယ်’ ဆိုတဲ့ အယူအဆနဲ့ စစ်အာဏာရှင်တသိုက်နဲ့ ဗမာလူမျိုးကြီးဝါဒီတွေရဲ့ လောင်းရိပ်အောက်မှာ ကျည်ထောင်စုနေ့အဖြစ် မြန်မာပြည်ကြီးဟာ ဒီနေ့ ၇၉ခုနှစ် ရှိလာပြီလို့ ပြောဆိုနိုင် ကြောင်းပါ…။

ထင်မြင်ယူဆချက်‌‌ပေးရန်