
AB News – ဇန်နဝါရီ ၃၀ ၊ ၂၀၂၆
နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်မှာ အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်၊ သတ်ဖြတ်ပြီး ရွှေထည်ပစ္စည်းများနှင့် ဆိုင်ကယ်အား လုယူခဲ့သည့် အမျိုးသား နှစ်ဦးကို ယခုဇန်နဝါရီလအတွင်း သေဒဏ် အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) အရ မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်ပြီး ရွှေထည်နှင့် ဆိုင်ကယ်တို့ကို ရောင်းချပြီး သက်သေဖျောက်ဖျက်ခဲ့သည့် ကြံရာပါ နောက်ထပ်အမျိုးသား ၃ ယောက်ကိုလည်း ထောင်ဒဏ် ၃ နှစ် ၆ လ ချမှတ်ခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းအုပ်စု၊ မောင်းရမ်းကျေးရွာတွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်က နေအိမ်မှ ထွက်သွားစဉ် ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာ၊ ရွှေနံ့သာ သားသတ်ရုံ မျက်စောင်းထိုး ခြုံတောထဲတွင် ဒဏ်ရာများနှင့် သေဆုံးနေခဲ့သည်ကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။