
AB News – ဇန်နဝါရီ ၂၉၊ ၂၀၂၆
နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ဇာတ်ကရန် သွားသည့် “ဇော်လေးနိုင်” ဇာတ်သဘင်အဖွဲ့အား တင်ဆောင်လာသည့် ယာဉ်တိမ်းမှောက်ပြီး ချောက်ထဲကျခဲ့ရာ သဘင်သည် ၁၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း သိရသည်။
ယမန့်နေ့ ဇန်နဝါရီ ၂၈ ရက်နေ့၊ ညနေ ၆ နာရီအချိန်ခန့်တွင် နေပြည်တော် တောင်ညိုလမ်းပိုင်း၌ ဇာတ်အဖွဲ့ကားမှာ လမ်းအန္တရာယ်ရှိသော နေရာတွင် ထိန်းချုပ်မှုမရဘဲ တိမ်းမှောက်ကာ ချောက်ထဲကျသွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်ပေါ်တွင် သဘင်သည် ၂၇ ဦး လိုက်ပါလာခဲ့ပြီး တောင်တွင်းကြီးမြို့မှ တပ်ကုန်းမြို့နယ်သို့ ဇာတ်ကရန် သွားရောက်နေစဉ် လမ်းခရီး၌ ယာဉ်တိမ်းမှောက်ခြင်း ဖြစ်သည်။
လက်ရှိတွင် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ကာ အရေးပေါ်ကုသမှုများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ထိုဖြစ်စဥ်နှင့် ပတ်သတ်၍ မြန်မာနိုင်ငံသဘင်အစည်းအရုံး ဗဟိုအဖွဲ့မှ သေဆုံးသူ ၁၂ ဦးရှိကြောင်း အတည်ပြုထားပြီး ထိခိုက်ဒဏ်ရာရရှိသူများအတွက် လိုအပ်သည့် အကူအညီများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့တွင်လည်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်၌ ဇာတ်သဘင်အဖွဲ့၏ ကား တိမ်းမှောက်မှုဖြစ်ပွား၍ သဘင်သည် ၁၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော် ရှိခဲ့ကြောင်း သိရသည်။