
AB News – ဇန်နဝါရီ ၂၉၊ ၂၀၂၆
ချန်ဒြာ
ထောင်ဖောက်ထွင်းရန်အတွက် အတွင်းအပြင် ချိတ်ဆက်မှုများကို ၃ လခန့်ကြာ ကြိုတင်ပြင်ဆင်ခဲ့ကြသည့် ကရင်နီပြည် ထောင်ဖောက်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့၍ အရေးယူဆောင်ရွက်နေကြောင်း သိရသည်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ၏ ယနေ့ထုတ်ပြန်ချက်အရ အဆိုပါထောင်ဖောက်မှုတွင် စစ်သုံ့ပန်း ၇၆ ဦး၊ ထောင်ဝန်ထမ်း ၂ ဦးနှင့် မူးယစ်ဆေးဝါးအမှုဖြင့် ကျခံနေရသူ ၅ ဦး၊ စုစုပေါင်း ၈၃ ဦး ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့သည် ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် အုပ်စုဖွဲ့၍ စနစ်တကျ ထောင်ဖောက်ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။
စုံစမ်းစစ်ဆေးချက်များအရ ထွက်ပြေးသူများသည် ၈ ဦးမှ ၁၀ ဦးအထိ အုပ်စုများခွဲကာ လှုပ်ရှားခဲ့ကြပြီး နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ရန်အတွက် ဆုံမှတ်နေရာများ၊ ဖုန်းဆင်းကတ်များနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ကြိုတင်စီမံထားကြောင်း တွေ့ရှိရသည်။
ထို့အပြင် ထွက်ပြေးစဉ်အတွင်း ပြန်လည်ခုခံရန် လက်နက်နှင့် ရိက္ခာများကိုလည်း အစီအစဉ်တကျ ပြင်ဆင်ခဲ့ကြကြောင်း သိရသည်။
ထောင်ဖောက်မှုဖြစ်ပွားပြီးနောက် နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များက လိုက်လံပိတ်ဆို့ ရှာဖွေရာတွင် စစ်သုံ့ပန်းများဘက်မှ ပြန်လည်ခုခံသဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ထွက်ပြေးသူ ၈ ဦး သေဆုံးခဲ့ပြီး ၂ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့နှင့်အတူ လက်နက်ငယ် ၅ လက်နှင့် ကျည်အချို့ကိုလည်း ပြန်လည်သိမ်းဆည်းရရှိခဲ့ကာ ကျန်ရှိသူအများစုမှာ ထိုင်းစစ်တပ်ထံ လက်နက်ချအဖမ်းခံခဲ့ကြောင်း သိရသည်။
IEC အနေဖြင့် ယခုဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သည့် ထောင်အမှုထမ်း ၂ ဦးကို ပြစ်မှုဆိုင်ရာဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုထားပြီး အကျဉ်းထောင်လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ယခုဖြစ်စဉ်ကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်ခဲ့ရသည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်းနှင့် ကရင်နီပြည်လူထုတစ်ရပ်လုံးကို တောင်းပန်ကြောင်း IEC က ထုတ်ပြန်ထားသည်။
ရှေ့လုပ်ငန်းစဉ်အနေဖြင့် စစ်သုံ့ပန်းများ ထိန်းသိမ်းရေးတွင် နိုင်ငံတကာစစ်သုံ့ပန်းဥပဒေများနှင့်အညီ တင်းကျပ်စွာ ဆောင်ရွက်သွားမည့်အပြင် အကျဉ်းထောင်ဝန်ထမ်းအင်အား ဖြည့်တင်းခြင်းနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းတို့အတွက် နိုင်ငံတကာအဖွဲ့အစည်းများထံမှ နည်းပညာနှင့် ရန်ပုံငွေအကူအညီများ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။