
AB News – ဇန်နဝါရီ ၂၇၊ ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နာဆင်းဒီ (Narsingdi) ခရိုင်တွင် ခရီးသွားလာနေသည့် သတင်းထောက်များ စီးနင်းလာသော မော်တော်ယာဉ်ကို အကြမ်းဖက်အုပ်စုတစ်စုက တားဆီး၍ ငွေညှစ် တိုက်ခိုက်ခဲ့ရာ ဘင်္ဂလားဒေ့ရှ် ရာဇဝတ်မှုဆိုင်ရာ သတင်းထောက်များအသင်း (CRAB) မှ အဖွဲ့ဝင် ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၆ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ် ရာဇဝတ်မှုဆိုင်ရာ သတင်းထောက်များအသင်း — Crime Reporters Association of Bangladesh (CRAB) မှ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များသည် ဇန်နဝါရီ ၂၆ ရက်က “မိသားစုနေ့” ပျော်ပွဲစားခရီးစဉ်အဖြစ် Dream Holiday Park သို့ သွားရောက်ခဲ့ကြသည်။
ခရီးစဉ်အပြီး ဒါကာမြို့သို့ ပြန်ရန် ပြင်ဆင်နေစဉ် ည ၇ နာရီခွဲခန့်တွင် မာဒဘ်ဒီ (Madhabdi) မြို့နယ်အတွင်း၌ တိုက်ခိုက် ခံခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
သတင်းထောက်များ လိုက်ပါလာသည့် ဘတ်စ်ကားကို လမ်းဘေးတွင် ခေတ္တရပ်နားထားစဉ် ဒေသခံအကြမ်းဖက် အုပ်စုတစ်စု ရောက်ရှိလာပြီး အတင်းအဓမ္မ ငွေညှစ်ခဲ့ကြကြောင်း သိရသည်။
CRAB အထွေထွေ အတွင်းရေးမှူး MM Badsha က “အကြမ်းဖက်အဖွဲ့တစ်ဖွဲ့က ကားကိုရပ်ပြီး ငွေညှစ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီလုပ်ရပ်ကို ကျနော်တို့က ကန့်ကွက်တဲ့အတွက် သူတို့က လက်နက်တွေနဲ့ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတာပါ” ဟု ပြောသည်။
သတင်းထောက်များက ငွေပေးရန် ငြင်းဆန်ခဲ့သည့်အတွက် အဆိုပါလူစုက တုတ်များ၊ လက်နက်များဖြင့် ကားပေါ်ရှိ သတင်းထောက်များကို ဝိုင်းဝန်းရိုက်နှက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်မှုကြောင့် သတင်းထောက် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက်မှ သတင်းထောက် Shahed၊ Mohsin၊ Sakhawat Kausar နှင့် အသင်းဝန်ထမ်း Lal တို့မှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
ဒဏ်ရာရသူများအနက် ၆ ဦးကို နာဆင်းဒီပြည်နယ် ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ပြီး အခြေအနေ စိုးရိမ်ရသူများကို ဒါကာမြို့ရှိ အထူးကုဆေးရုံများသို့ ဆက်လက်လွှဲပြောင်း ပို့ဆောင်ထားရသည်။
မာဒဘ်ဒီရဲစခန်းမှူး Md Kamal Hossain က “သတင်းရရချင်းမှာပဲ ရဲတပ်ဖွဲ့ဝင်တွေ အခင်းဖြစ်နေရာကို သွားရောက်ခဲ့ပါတယ်။ အခုချိန်မှာ တိုက်ခိုက်မှုမှာ တိုက်ရိုက်ပါဝင်ပတ်သက်သူ ၂ ဦးကို ဖမ်းဆီးထားပြီး ကျန်တဲ့သူတွေကိုလည်း အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ စုံစမ်းစစ်ဆေးနေပါတယ်” ဟု ပြောကြားခဲ့သည်။
ဖမ်းဆီးခံရသူများသည် ယခင်ကလည်း ယင်းဒေသတွင် မတရားငွေညှစ်မှုများ ကျူးလွန်ဖူးသည့် လုပ်ရပ်များ ရှိကြောင်း သိရသည်။
လက်ရှိတွင် CRAB အသင်းက အဆိုပါ အကြမ်းဖက်မှုကို ပြင်းထန်စွာ ရှုတ်ချထားပြီး တရားခံများအားလုံးကို ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုထားသည်။
Photo – Views Bangladesh