
AB News – ဇန်နဝါရီ ၂၁ ၊ ၂၀၂၆
ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့၊မယ်တောင် ရပ်ကွက်တွင် TikTok ဆယ်လီ LGBT မြန်မာ လူငယ် ၁ ဦးလုယက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။
လုယက်သတ်ဖြတ်ခံရသူမှာ အသက် ၂၅ နှစ်အရွယ် TikTok ဆယ်လီ LGBT ကိုတင်ဇော်ထွေး ( ခ) ဧရာဝတီမ ဖြစ်သည်။
ကိုတင်ဇော်ထွေးသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်နေ့ ည ၁၂နာရီအချိန်တွင် အွန်လိုင်းမှ ချိန်းဆိုထားသူတစ်ဦးနှင့် တွေ့ဆုံရန်ထွက်သွားစဥ် အိမ်ပြန်မရောက်ဘဲ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
ထို့နောက် ၎င်း၏နီးစပ်သူမိသားစုများမှ လူမှုကွန်ရက်တွင် အကူညီတောင်းရှာဖွေခဲ့ရာ ယမန်နေ့ ညနေပိုင်းအချိန်တွင် မယ်တော်ရပ်ကွက် ၊ TK ကြီးစက်ရုံလမ်းအနီး ခြံဝင်းအတွင်းရှိ ကုက္ကိုလ်ပင်အောက်တွင် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။
Tiktok ဆယ်လီ ကိုတင်ဇော်ထွေး၏ ရုပ်အလောင်းတွင် တွေ့ရှိရသော ဒဏ်ရာများမှာ အဓမ္မပြုကျင့်ပြီး ရိုက်နှက်သတ်ဖြတ်ထားရသည့် ဒဏ်ရာများဟု ယူဆရကြောင်း သိရသည်။
၎င်းအပြင် နေအိမ်မှထွက်ခွာသွားစဥ် ဝတ်ဆင်ထားသော ရွှေဆွဲကြိုး တစ်ကျပ်သားတစ်ကုံး ၊ ရွှေလက်စွပ် ၊ ရွှေလက်ပတ်တစ်ခု ၊ iPhone 17 Pro Max တစ်လုံးနှင့် ဘတ်ငွေ လေးသောင်းငါးထောင်ကျော်ပါ လုယက်ခံခဲ့ရကြောင်းသိရသည်။
လက်ရှိတွင် ကိုတင်ဇော်ထွေး၏ရုပ်အလောင်းအား မဲဆောက်ပြည်သူ့ဆေးရုံသို့ သို့ စစ်ဆေးရန်ပို့ဆောင်ထားကြောင်းသိရသည်။
အဆိုပါအမှုနှင့်ပတ်သတ်၍ ထိုင်းအာဏာပိုင်များမှ အခင်းဖြစ်ပွားရာနေရာ၌ ပန်းရောင်ကတ် (ရွှေပြောင်းအလုပ်သမားကတ်) သိမ်းဆည်းရမိထားပြီး တရားခံကို အသေးစိတ် စုံစမ်းစစ်ဆေးနေကြောင်းသိရသည်။