AB News – ဒီဇင်ဘာ ၂၈၊ ၂၀၂၅
ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ပြည်သူ ၄၀၀၀ ခန့်က ဆိုင်ကယ်၊ ကား၊ ခြေလျင်ဖြင့် ဒုတိယအကြိမ် ဆန့်ကျင် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ဒေသခံများမှတဆင့် သိရသည်။
အဆိုပါ ဆန္ဒပြပွဲကို ကေဝိုင်အို – ကရင်လူငယ်အစည်းအရုံးက ဦးဆောင်ကျင်ပခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူများပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။
အာဏာသက်ဆိုးရှည်ရေးအတွက်နှင့် လူမျိုးပေါင်းစုံပြည်သူလူထုများအပေါ် ရာဇာဝတ်မှုများ ဆက်လက်ကျူးလွန်ရန်အတွက် ပြုလုပ်မည့်အတုယောင်ရွေးကောက်ပွဲကို ပြည်သူလူထုနှင့်အတူ တော်လှန်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ကေဝိုင်အို – ကရင်လူငယ်အစည်းအရုံးက ထုတ်ပြန်ထားသည်။
အလားတူ ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင်လည်း စစ်ကော်မရှင်ပြုလုပ်ကျင်းပသည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြည်သူ ၄၀၀ ခန့် အေးချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းကို ကရင်လူငယ်အစည်းအရုံးနှင့် ဒူးသထူးခရိုင်အတွင်းရှိ တာဝန်ရှိသူများ ဦးဆောင်ကာ ပြည်သူ ၁၄၀၀ ကျော်ဖြင့် ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့သည်။
စစ်ကော်မရှင်သည် ၂၀၂၅ ရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းခွဲထားပြီး၊ ယနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ အပိုင်း (၁) ကို တစ်နိုင်ငံလုံးတွင် မဲရုံပေါင်း ၂၁၅၇၁ ရုံဖြင့် ပြုလုပ်ကျင်းပလျှက်ရှိကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။




