
AB News – ဒီဇင်ဘာ ၁၆ ၊ ၂၀၂၅
Larrisa
ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ ဘွန်ဒီကမ်းခြေတွင် ကျင်းပခဲ့သော ဂျုးအားလပ်ရက် ပျော်ပွဲရွှင်ပွဲ အခမ်းအနားတစ်ခု၌ ဒီဇင်ဘာ ၁၄ရက်နေ့က ဖြစ်ပွားခဲ့သော သေနတ်ဖြင့် အစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေ ၁၆ ဦးထိရှိကြောင်း မီဒီယာများတွင် ဖော်ပြသည်။
အဆိုပါပစ်ခတ်မှုတွင် သေနတ်သမားတစ်ဦးကို အမျိုးသားတစ်ဦးမှ လက်နက်မဲ့ဖမ်းချုပ်၍ ၎င်းသေနတ်သမား၏ သေနပ်အား လုယူဖယ်ရှားခဲ့သည့် အမျိုးသားကို ဩစတေးလျနိုင်ငံ ဝန်ကြီးချုပ် အန်သိုနီအယ်လ်ဘာနီးစ်က သူရဲကောင်းအဖြစ်ချီးကျုးဂုဏ်ပြုခဲ့သည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ၁၆ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရလူနာ ၄၀ ခန့်မှာလည်း ဆေးရုံတွင် ဆက်လက်ရှိနေကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ဩစတေးလျနိုင်ငံ၏ အကြီးဆုံးမြို့တော်တွင် တည်ရှိသော ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်စွမ်းအကြီးမားဆုံး ဖြစ်သည့်နေရာများအနက်တွင် တစ်ခုအပါအဝင်ဖြစ်သော အဆိုပါကမ်းခြေမှနေ၍ သားအဖနှစ်ဦး၏ သေနတ်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၂၉ ဦးကို အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့များက ဒေသခံဆေးရုံများဆီသို့ အလျင်အမြန် ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
ရဲတပ်ဖွဲ့က အဆိုပါပစ်ခတ်မှုကို အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဥ် အဖြစ်ကြေငြာခဲ့ပြီး သေဆုံးသွားသော သံသယရှိသူနှင့် ဆက်စပ်နေသည့် ယာဥ်တစ်စီးကို ကမ်းခြေအနီးတွင် တွေ့ရှိခဲ့ရာ ၎င်းယာဥ်ထဲမှ သံသယဖြစ်ဖွယ်ရာ လက်လုပ်မိုင်းများ ကိုရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ပစ်ခတ်ခံရ၍သေဆုံးသွားခဲ့သော အသက် ၅၀ အရွယ် သေနတ်သမား၏ ဥပဒေအရ တရားဝင်ကိုင်ဆောင်ခွင့်ဖြင့် ပိုင်ဆိုင်ထားသော သေနတ် ၆ လက်ကို ၎င်းတို့အနေနှင့် ရှာဖွေသိမ်းဆည်းနိုင်ခဲ့ကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။