သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စကမ ကို TNLA က မိုးကုတ်ထဲ ခေါ်သွင်းလာနိုင်မှု တော်လှန်‌ရေးတပ်များအကြိတ်အနယ်ဆွေးနွေး

AB News – နိုဝင်ဘာ ၁၈၊ ၂၀၂၅
အောင်စိုး

စစ်ကော်မရှင်တပ်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA) မှ မိုးကုတ်မြို့ထဲ ခေါ်သွင်းလာမည့်ကိစ္စနှင့် ပတ်သတ်၍ တော်လှန်ရေးတပ်များ အကြိတ်အနယ်ဆွေးနွေးနေရကြောင်း သိရသည်။

အောက်တိုဘာလ နောက်ဆုံးအပတ်တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ စကမ နှင့် TNLA တပ်တို့ ၉ ကြိမ်မြောက် ဆွေးနွေးမှုအတွင်း မိုးကုတ်နှင့် မိုးမိတ်မြို့များမှ TNLA တပ်များဆုတ်ခွာပြီး စကမ မှ လေကြောင်း၊ လက်နက်ကြီး နှင့် ထိုးစစ်များ ရပ်တန့်ရန် နှစ်ဖက်သဘောတူခဲ့သည်။

ထိုသဘောတူညီမှုအပြီး မိုးကုတ်ဒေသခံတော်လှန်ရေးတပ်များနှင့် အနီးအနား PDF တပ်များမှာ မိုးကုတ်မြို့ကို စကမ လက်ထဲမရောက်စေရေး မြို့ထဲနေရာယူကာ စကမ ကို ခုခံကာကွယ်ရန် ခံစစ်ပြင်ဆင်ခဲ့သည်။

မိုးကုတ်မြို့ထဲ စကမတပ်များကို TNLA က ခေါ်သွင်းလာမည့်သတင်းမှာ တရုတ်ပြည်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့ စကမ နှင့် TNLA တပ်တို့ဆွေးနွေးပြီးနောက် TNLA မှ တော်လှန်‌‌ရေးတပ်များကို ပြောဆိုလာခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်တို့အင်အားစုတွေကို TNLA က ခေါ်ပြီးတော့မှ သူ့တို့ကိုယ်တိုင် ခေါ်သွင်းလာမယ်လို့ အတိအလင်းပြောတယ်။ တော်တော်ခက်ခဲတာပေါ့။ သူတို့ကိုယ်တိုင် စကမ ကိုခေါ်သွင်းပြီးတော့မှ စကမ ရောက်ပြီ။ အခြေကျပြီဆိုမှ သူတို့ကပြန်ဆုတ်မယ်ဆိုပြီး ပြောတာပေါ့နော်။ သူတို့နဲ့ စကမ ကြားမှာ ဆက်ဆံရေးရုံးတွေထားပြီးတော့မှ သူတို့လုပ်ငန်းတွေကတော့ ပြန်လုပ်ကြမယ်ထင်တယ်။ တစ်ခုရှိတာက ကျနော်တို့ လုပ်ရကိုင်ရ အရမ်းခက်ခဲသွားတာပေါ့နော်။ TNLA နဲ့လည်း ကျနော်တို့က မဟာမိတ်လည်း မပျက်ချင်ဘူး။ တဖက်မှာလည်း စကမ ကို ကျနော်တို့က ဒီမြို့တွင်း မဝင်ရေးဆိုတဲ့ဟာ ရှိတာပေါ့။ တော်လှန်ရေးအင်အားစုဘက်ကတော့ ကျနော်တို့ အများကြီးတိုင်ပင်ကြတုန်း၊ ဆွေးနွေးကြတုန်း၊ ချင့်ချိန်နေကြတုန်းပေါ့” ဟု မိုးကုတ်သပိတ်ခေါင်းဆောင် ကိုစိုးဌေး က DVB သတင်းဌာနကို ပြောဆိုထားသည်။

TNLA နောက်ထပ် လက်လွှတ်ရမည့် မြို့တစ်မြို့ဖြစ်သော မိုးမိတ်ကိုမူ ကျောင်းသားတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တိုမှ စကမ မဝင်ရောက်နိုင်ရေး ခုခံကာကွယ်မည့် အခြေအနေတွင် ရှိကြောင်း ၎င်းက ထပ်လောင်းပြောသည်။

“မိုးမိတ်ကတော့ ဘာပဲပြောပြော ကျောင်းသားတပ်မတော်နဲ့ KIA က ကူမယ်ဆိုတော့ တစ်စုံတစ်ရာ အားရှိတယ်ပေါ့နော်။ မိုးကုတ်ကိုရော စကမ ပြန်မဝင်လာနိုင်ရေးပေါ့နော်၊ ဘယ်လိုမဟာမိတ်တွေက ကူညီကြမလဲပေါ့၊ ကူညီနိုင်မလဲပေါ့၊ ကျနော်တို့ဘက်ကရော ဘာတွေပြင်ဆင်ထားဖို့ လိုသလဲပေါ့။ စသဖြင့်တော့ ဒီဘက်မှာ အကြိတ်အနယ် ကျနော်တို့ တိုင်ပင်နေကြပါတယ်” ဟု ဆိုသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းတွင် မိုးကုတ်နှင့် မိုးမိတ်မြို့များကို TNLA နှင့် မဟာမိတ်တော်လှန်ရေးတပ်များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယခုအချိန်တွင် တစ်နှစ်ကျော်ခန့်ကြာပြီ ဖြစ်သည်။

လက်ရှိတွင် ရှမ်းမြောက်ဒေသရှိ MNDAA နှင့် TNLA ထိန်းချုပ်မြို့နယ်များမှ လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို စသည့်မြို့များကို စကမ က တရုတ်အကူအညီဖြင့် ရယူထားသည်။

၁၀၂၇ စစ်ဆင်ရေး စတင်ဖော်ဆောင်သည့် မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့တွင် နှစ်ဖွဲ့ဖြစ်သော MNDAA နှင့် TNLA တို့မှာ တရုတ်ဖိအားကြောင့် ထိန်းချုပ်မြို့နယ်များ လက်လွှတ်ဆုံးရှုံးနေရပြီး အာရက္ခတပ်တော် (ULA/AA) ကမူ ယခုအချိန်အထိ လက်လွှတ်ဆုံးရှုံးရသည့် မြို့များ မရှိသေးပေ။

ပုံစာ – PSLF/TNLA စစ်ရေးပြအခမ်းအနားတစ်ခုအားတွေ့ရစဥ်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ