
AB News -သြဂုတ် ၂၄၊ ၂၀၂၅
ဒေဝီ
တအာင်းပြည်၊ မိုင်းငေါ့မြို့နယ်ရှိ တပ်မဟာ (၁) နယ်မြေ၊ ကွန်စလမ်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ကလေးငယ် ၁ ဦး သေဆုံးပြီး သံဃာတော်များအပါအဝင် အရပ်သားပြည်သူ (၇) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၂၃ ရက်နေ့၊ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်တွင် စစ်ကော်မရှင်တပ်က ကွန်စလမ်းကျေးရွာရှိ ဘုန်းကြီးကျောင်းအား ပေါင် (၂၅၀) အလေးချိန်ရှိသော ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းတိုက်ခိုက်မှုကြောင့် သံဃာတော် ၂ ပါး၊ သာမဏေ ၁ ပါး၊ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦး စုစုပေါင်း ၇ ဦး ဒဏ်ရာရရှိခဲ့သည်။
ဗုံးပေါက်ကွဲမှုကြောင့် ဘုရားခန်းတစ်ခန်း၊ ဆွမ်းစားဆောင်တစ်ဆောင်၊ ဇရပ်နှစ်ခု၊ ကျေးရွာဆေးခန်းတစ်ခန်းနှင့် နေအိမ် ၁၂ လုံးတို့မှာ ဗုံးစထိမှန်ကာ ပျက်စီးခဲ့ရကြောင်း သိရသည်။
ယခုသြဂုတ်လအတွင်း စစ်ကော်မရှင်သည် မိုးကုတ်မြို့တွင် ၄ ကြိမ်၊ ကျောက်မဲမြို့နယ်တွင် ၂ ကြိမ်၊ သီပေါမြို့တွင် ၃ ကြိမ်၊ စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ် ပြုလုပ်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် ကလေး ၃ ဦး၊ သံဃာတော် ၂ ပါး၊ အမျိုးသမီး ၁၇ ဦးနှင့် အမျိုးသား ၁၆ ဦးတို့အပါအဝင် စုစုပေါင်း ၃၈ ဦး သေဆုံးခဲ့ရပြီး ၃၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ထို့အပြင် နေအိမ် ၆၂ လုံး၊ အဆောက်အအုံ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ကား ၄ စီးနှင့် ဆိုင်ကယ် ၃ စီးတို့လည်း ပျက်စီးခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် PSLF/TNLA အဖွဲ့က ဒေသခံပြည်သူများအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ လုံခြုံရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ကြရန် သတိပေးနှိုးဆော်ထားသည်။