
AB News – သြဂုတ် ၁၄၊ ၂၀၂၅
ဒေဝီ
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ကစ္ဆပနဒီမြစ်အတွင်း မူဆလင် ၁၄ ဦး တင်ဆောင်လာသော စက်လှေတစ်စီး နစ်မြုပ်ခဲ့ရာ ကမ်းနားရှိ ရက္ခိုင် ကုန်တင်ကုန်ချလုပ်သားများက အချိန်မီ ကူညီကယ်ဆယ်နိုင်ခဲ့သောကြောင့် လူအသေအပျောက်မရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ သြဂုတ်လ ၁၃ ရက်၊ နံနက် ၉ နာရီကျော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောက်တော်မြို့နယ်၊ ပေါက်တောပလောင် (မူဆလင်) ကျေးရွာမှ တောင်ထောင် (မူဆလင်) ကျေးရွာသို့ ထွက်ခွာလာသည့် စက်လှေတစ်စီးသည် ကျောက်တော်မြို့၊ သားငါးဈေးဆိပ်ကမ်းနှင့် ပန်းခြံဆိပ်ကမ်းကြား အရောက်တွင် ရုတ်တရက် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။
စက်လှေနစ်မြုပ်သည်ကို မြင်တွေ့ခဲ့သည့် ဆိပ်ကမ်းတွင် အလုပ်လုပ်ကိုင်နေသော ရက္ခိုင်အမျိုးသားများသည် လှေပေါ်ပါသူများအားလုံးကို ကူညီကယ်ဆယ်ခဲ့ကြကြောင်း သိရသည်။
လက်ရှိတွင် နစ်မြုပ်သွားခဲ့သည့် စက်လှေကို ကုန်းပေါ်သို့ ပြန်လည်ဆယ်ယူထားပြီး၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ (DELPS) အဖွဲ့က စက်လှေပိုင်ရှင်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရသည်။