
AB News- သြဂုတ် ၃၊ ၂၀၂၅
ဒေဝီ
မြင်းခြံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) သည် ယနေ့၊ သြဂုတ်လ ၃ ရက်နေ့တွင် မွမ်းမံသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် PDF ရဲဘော်များအား မဟာမိတ်အဖွဲ့များက လက်နက်များ တပ်ဆင်ပေးခဲ့သည်။
ထို့အပြင် မြင်းခြံ PDF က မဟာမိတ်အဖွဲ့များကို ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
မြင်းခြံ PDF မှ “ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် မိမိတို့ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းနှင့် မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်းတို့သည် တတ်စွမ်းသမျှ အားသွန်ခွန်စိုက် ကြိုးစားလျှောက်လှမ်းနေသည်ကို မိဘပြည်သူများထံ ထပ်လောင်း အသိပေးအပ်ပါသည်” ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့က မြင်းခြံ PDF အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်ရှိ မိုင်တိုင် ၃၁၈ သို့ မောင်းနှင်လာသော စစ်ကောင်စီယာဉ်တစ်စီးကို ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် ရဲတပ်သား ၂ ဦး သေဆုံးခဲ့ပြီး၊ BA-94 သေနတ် ၂ လက်၊ ကျည်ဘောက် ၅ ခုနှင့် ကျည်ဆံ ၂၅၀ တောင့်တို့ကို သိမ်းဆည်းရမိခဲ့သည်။
မြင်းခြံ PDF အနေဖြင့် တော်လှန်ရေးစိတ်ဓာတ်အပြည့်ဖြင့် ပြည်သူလူထုနှင့်အတူ ရပ်တည်ကာ၊ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။