AB News – ဇူလိုင် ၂၂၊၂၀၂၅
နွယ်စိုး
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လေတပ်မှ လေ့ကျင့်ရေးစစ်လေယာဉ်တစ်စီး မြို့တော်ဒါကာရှိ ကျောင်းဝင်းတစ်ခုထဲသို့ ပျက်ကျခဲ့ရာ လူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၇၀ ကျော် ဒဏ်ရာရရှိသွားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ပြောကြားသည်။
F-7 BJI လေယာဉ်သည် ဇူလိုင်လ ၂၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်စံတော်ချိန် နေ့လယ် ၁ နာရီ၊ ၆ မိနစ်တွင် ပျံတက်ခဲ့ပြီး စက္ကန့်ပိုင်းအတွင်း မြို့တော်ဒါကာ၏ ဥတ္တရာရပ်ကွက်ရှိ Milestone School and College ကျောင်းဝင်းထဲသို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။
ပျက်ကျခဲ့သည့် လေယာဉ်သည် တရုတ်နိုင်ငံလုပ် F-7 BJI ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်တွင် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး လေကြောင်းမတော်တဆမှုဖြစ်သည်ဟု DW သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားသူများနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကြားဖြတ်အစိုးရခေါင်းဆောင် မူဟာမက် ယူနွတ်စ်က “သေဆုံးသူများ၏ ရုပ်အလောင်းများအား သက်ဆိုင်ရာမိသားစုဆီ အမြန်ဆုံး လွှဲပြောင်းပေးသွားမည်” ဟု ပြောကြားထားသည်။
အဆိုပါကျောင်းတွင် မူလတန်းမှ ၁၂ တန်းအထိ ကျောင်းသားများ ပညာသင်ကြားနေကြပြီး မတော်တဆမှုဖြစ်ချိန်တွင် ကျောင်းသားများသည် စာသင်ခန်းထဲတွင် ရှိနေခဲ့ကြသည်။
လေယာဉ်ပျက်ကျပြီးနောက်ပိုင်း ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များတွင် မြက်ခင်းပြင်အနီး၌ မီးတောက်ကြီးတစ်ခု ထလောင်နေပြီး မီးခိုးလုံးကြီးများ ကောင်းကင်သို့ တလိပ်လိပ်တက်နေကာ လူအုပ်ကြီးက ဝေးရာမှ ကြည့်ရှုနေကြသည်ကို တွေ့မြင်ရကြောင်း မြို့ခံများက ဆိုကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် အဆိုးရွားဆုံး လေကြောင်းမတော်တဆမှုမှာ ၁၉၈၄ ခုနှစ် နိုင်ငံအရှေ့တောင်ပိုင်းရှိ ကမ်းရိုးတန်းမြို့ စစ်တကောင်း (ချာတိုဂရမ်) မှ ဒါကာသို့ ပျံသန်းလာသော လေယာဉ်တစ်စီး ပျက်ကျမှုဖြစ်ပြီး လေယာဉ်ပေါ် ပါရှိသူ ၄၉ ဦးစလုံး သေဆုံးသွားခဲ့သည်။

