သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
PSLF/TNLA ရဲတပ်ဖွဲ့၏ အပတ်စဥ် (၁) နယ်ထိန်းသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

AB News- ဇူလိုင် ၁၇၊ ၂၀၂၅
ဒေဝီ

တအာင်းပြည်တွင် ပလောင်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် ရဲတပ်ဖွဲ့မှ ဖွင့်လှစ်ထားသည့် အပတ်စဥ် (၁) နယ်ထိန်း သင်တန်း ဆင်းပွဲအခမ်းအနားကို ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ဗဟိုအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူ;ဇာရ်;က “ကျွန်တော်တို့တအာင်းပြည်တွင် လူမျိုးပေါင်းစုံနေထိုင်ကြသောကြောင့် နယ်ထိန်းလုပ်ငန်းများသည် စနစ်တကျ လုပ်ဆောင်နိုင်ရမည်ဖြစ်သည်။ တအာင်းပြည်အတွင်းရှိ ပြည်သူလူထုများ၏လုံခြံရေး၊ အေးချမ်းသာယာနေထိုင်ရေး၊ သူခိုး၊ ဓားပြပပျောက်‌ရေး၊ ဖြစ်ပေါ်လာခဲ့သည့်အမှုများလည်း ငယ်သည်အမှု ပပျောက်သွားအောင်နှင့် ကြီးသည့်အမှု ငယ်သွားအောင် ကြိုးစားလုပ်ဆောင်သွားရမည်”ဟု တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ဒုဗိုလ်မှူးကြီး တားတံင်ရိူန်း၊ ဗိုလ်မှူးတားကုင်နောနှင့် ဗိုလ်မှူး တားဂေါင်ငျံရ်တို့လည်း တက်ရောက်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားတွင် ဗဟိုအုပ်ချုပ်ရေးဌာနမှူး၊ တအာင်းပြည် ရဲတပ်ဖွဲ့များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/မများနှင့် သင်တန်းသားများအပါအဝင် စုစုပေါင်းလူဦးရေ (၆၀)ဦးကျော်တက်ရောက်ခဲ့သည်။

အဆိုပါ အပတ်စဥ် (၁) နယ်ထိန်းသင်တန်းကို ပြီးခဲ့သည့် မေလ (၂၃)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းကာလ (၃)လနီးပါးကြာမြင့်ခဲ့ပြီး အဆိုပါသင်တန်းတွင် ရဲကျင့်ဝတ်၊ ကြီးကြပ်ကွပ်ကဲခြင်း၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံဘာသာရပ်၊ နယ်ထိန်းလုပ်ငန်းစဥ်များ၊ နယ်ထိန်းမှတ်ပုံတင်နှင့်ဆက်စပ်မှတ်ပုံတင်များ၊ရာဇသက်ကြီး နှင့် ထောက်လှမ်းရေးဘာသာရပ်များ၊ ကြိုတင်ကာကွယ်မှု (၁၀)မျိုးများနှင့် နွေဦးသိုင်းတို့ကို သင်ကြားပေးသည့်အပြင် သင်တန်း အတွင်းက ထူးချွန်အောင်မြင်သော ကျောင်းသားများကို အဆိုပါအခမ်းအနားတွင် ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို သင်တန်းသား (၃၈)ဦး တက်ရောက်သင်ကြားခဲ့ပြီး ၎င်းတို့မှာ တအာင်းပြည်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်သွားရမည်ဖြစ်သည်။

ဤသင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်သည် ရဲလုပ်ငန်းများနှင့် နယ်ထိန်းလုပ်ငန်းများကို သိရှိနားလည်နိုင်ရန်၊ ခိုးဆိုးလုယက်မှု၊ မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲမှု စသည့်တို့ကို လျှော့နည်းပပျောက်သွားရန်နှင့် တရားဥပဒေစိုးမိုးမှုများရှိစေရန် ရည်ရွယ်ပြီးသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်သည်ဟု TNLAက ဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်