သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို ICC အပါအဝင် နိုင်ငံတကာတရားရုံးများက တရားစွဲဆိုနေမှုအပေါ် စိုးရိမ်စရာမရှိကြောင်း ဇော်မင်းထွန်း ပြော

AB News – ဧပြီ ၁၅၊ ၂၀၂၅

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အခြားစစ်ခေါင်းဆောင်များကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အပါအဝင် နိုင်ငံတကာ တရားရုံးများက တရားစွဲဆိုနေခြင်းနှင့် ပတ်သက်၍ စိုးရိမ်စရာမရှိကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက Aljazeera သတင်းဌာနှင့် သီးသန်းတွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“မြန်မာစစ်တပ်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများအပါအဝင် ပြည်သူများအပေါ် တိုက်ခိုက်နေပြီး နိုင်ငံတကာကလည်း လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအဖြစ် ဝေဖန်နေကြပြီး အင်ဒိုနီးရှား၊ တူရကီ၊ ဖိလစ်ပိုင်နှင့် ICC တရားရုံးတွင် တရားစွဲဆိုရန် ဆောင်ရွက်နေကြပြီး မကြာသေးမီက ဖိလစ်ပိုင်သမ္မတ ဒူတာဒေးကို ICC တရားရုံးသို့ ပို့ဆောင် ဖမ်းဆီးမှုများ ရှိခဲ့သည်။ ထို့ကြောင့် စစ်ခေါင်းဆောင်များ အနေ့ဖြင့် ၄င်းအခြေအနေအပေါ် စိုးရိမ်မှု ရှိသလား” ဟု Aljazeera သတင်းဌာနမှ သတင်းထောက်က မေးမြန်းခြင်းအပေါ် စိုးရိမ်စရာမရှိဟု ပြန်လည် ဖြေဆိုခဲ့သည်။

“ဘာမှ စိုးရိမ်စရာ မရှိဘူး။ ဘာအကြောင်းနဲ့မှ စိုးရိမ်စရာ မရှိပါဘူး။ PDF တွေက ရွာထဲမှာ နေကြတယ်။ သူတို့က အရပ်အဝတ်နဲ့ စစ်တပ်ကို တိုက်ခိုက်တယ်။ စစ်တပ်က ပြန်တိုက်ရင် အရပ်သား ဖြစ်သွားတယ်။ ဒါတွေက PDF တွေရဲ့ တာဝန်သာ ဖြစ်တယ်။ ICC ပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် စစ်တပ်အနေနဲ့က ငြိမ်းချမ်းရေးနဲ့ ပြည်သူလူထုကာကွယ်ရေးကို အဓိက အာရုံထားပြီး လုပ်ရမှာ ဖြစ်ပါတယ်” ဟု ဇော်မင်းထွန်းက တုံပြန်ပြောဆိုခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၆၈ ဦး သေဆုံးခဲ့ပြီး သေဆုံးသူများထဲတွင် ကလေးငယ်များ ပါဝင်သွားကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ Aljazeera သတင်းဌာနက မေးမြန်းရာ ဇော်မင်းထွန်းက စစ်ပွဲများမှာ ဘေးထွက်ဆိုးကျိုးရှိကြောင်း၊ သောင်းကျန်းသူများကို ထောက်ခံလျှင် တိုက်ခိုက်ခံရမည်ဖြစ်ပြီး သေဆုံးသွားသော ကလေးများသည် သောင်းကျန်းသူများ၏ အစိတ်အပိုင်းဖြစ်ကြောင်း ဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ