ဘာသာပြန်ဆောင်းပါး
မူရင်း – James Shwe၊ ဘာသာပြန် – ကျော်ဇံ
ဇန်နဝါရီ ၈၊ ၂၀၂၅
ဒီမိုကရေစီအတွက် တောင်းဆိုတိုက်ပွဲဝင်နေကြသည့် မြန်မာအရေး စစ်တပ်အာဏာသိမ်းပြီး လေးနှစ်အကြာကို ရောက်လာသည့်အချိန် နိုင်ငံတကာအသိုင်းအဝိုင်း၏ သံတမန်းရေးအရ အကူအညီပေးခြင်းတို့မှာ မြန်မာပြည်သူလူထု၏ ဆန္ဒ၊ ပကတိ မြေပြင်အခြေအနေတို့နှင့် ကိုက်ညီမှုရှိစေဖို့ ပြန်လည်သုံးသပ်ရန် အရေးကြီးလာသည်။ မကြာမီက ဒီမိုကရေစီနိုင်ငံများမှ ပူးတွဲထုတ်ပြန်ကြသည့် တောင်းဆိုချက်များသည် မြန်မာ့အရေး စေတနာအမှန်ရှိကြောင်း ပြသနေသော်လည်း မြန်မာပြည်၏ ဒီမိုကရေစီအပြောင်းအလဲကို ဦးတည်မည့် လမ်းကြောင်းကို ထိရောက်စွာ ကူညီရန် ပို၍သိမ်မွေ့ပြီး လက်တွေ့ကျသည့် ချဥ်းကပ်မှုမျိုးကို လိုအပ်သည်။
ပဋိပက္ခ၏ အရှုပ်အထွေးကို နားလည်သဘောပေါက်ခြင်း
“လက်နက်ကိုင်အဖွဲ့များအားလုံး” အကြမ်းဖက်မှုများကို အရှိန်လျော့ချရန် တိုက်တွန်းထားသည့် သံတမန် အသုံးအနှုန်းက စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား မှန်ကန်မှုမရှိသော ဆင်တူညီနေမှု အခြေအနေတစ်ခု မရည်ရွယ်ပဲ ဖြစ်ပေါ်စေပါသည်။ စစ်ကောင်စီ၏ ဖိနှိပ်မှုများမှ ပြည်သူများကို အကာအကွယ်ပေးရန် စစ်ကောင်စီကို တော်လှန်နေကြသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၊ တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များ၊ တခြားတော်လှန်ရေး အုပ်စုများနှင့် ပြည်သူကို အကြီးအကျယ် ဖိနှိပ်သည့် စစ်ကောင်စီတို့ကြား ပိုပြီးတိတိကျကျ ခွဲခြားသတ်မှတ်ရန် လိုအပ်ပါမည်။ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို ကျင့်သုံးခြင်း၏ အရေးပါမှုကို အလေးအနက်ထားရှိသည့် သံတမန်ရေး အသုံးအနှုန်းများက ဤကဲ့သို့ အလွန်အရေးပါသည့် ကွဲပြားချက်ကို ဖော်ပြသင့်ပါသည်။
စနစ်အပြောင်းအလဲအတွက် လူထု၏လုပ်ပိုင်ခွင့်အာဏာကို မြှင့်တင်ပေးခြင်း
မြန်မာပြည်သူလူထုမှာ စစ်အာဏာမသိမ်းမီက အခြေအနေကို ပြန်သွားရန်မဟုတ်ပဲ အခြေခံကျသည့် စနစ်အပြောင်းအလဲကို တောင်းဆိုနေခြင်းဖြစ်ကြောင်းကို သဘောပေါက်နားလည်ရန် အရေးကြီးပါသည်။
ပြည်သူများ၏ တောင်းဆိုချက်များတွင်
(၁) စစ်တပ်ကို အရပ်သားပြည်သူအုပ်ချုပ်မှုအောက်တွင် ထားရှိရေး
(၂) ဒီမိုကရေစီမူဝါဒများနှင့် တိုင်းရင်းသားအခွင့်အရေးများ ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်တစ်ရပ် ရေးဆွဲရေး၊
(၃) လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံမှုရှိစေရေး နှင့်
(၄) ပိုမိုကျယ်ပြန့် ပြည့်စုံသည့် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲ ဖန်တီးရေး တို့ပါဝင်သည်။
နိုင်ငံတကာ၏ ထုတ်ပြန်ချက်များနှင့် မူဝါဒများတွင် အပြောင်းအလဲဖြစ်လာရေးအတွက် ပြည်သူများ၏နက်ရှိင်းသည့် ဆန္ဒများကို နားလည်သဘောပေါက်ပြီး ထောက်ခံမှုများ ပါဝင်သင့်ပါသည်။
ဒေသတွင်းနှင့် နိုင်ငံတကာချဥ်းကပ်မှုများကို ပြန်လည်သုံးသပ်ခြင်း
အာဆီယံ ဘုံသဘောတူညီမှု (၅) ချက်ကို ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် အစပြုခဲ့သော်လည်း ထိရောက်မှုအပိုင်းတွင် အကန့်အသတ်ရှိသည်။ ပို၍ထိရောက်သည့် မူဘောင်တစ်ခုကို ထည့်သွင်းစဥ်းစားရန် ကာလတစ်ခု လိုအပ်ပြီး ၎င်းမူဘောင်အသစ်တွင် လေးစားလိုက်နာမှုရှိစေရန် ထိထိရောက်ရောက်ရှိမည့် လည်ပတ်မှု ယန္တရားများနှင့် နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံမှုတို့ ရှိစေရန် အချက်များ ပါဝင်ရမည်။
၎င်းအချက်များတွင်
(၁) အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများအပါအဝင် တာဝန်ရှိ၊ အရေးပါသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအများအပြားနှင့် တွေ့ဆုံဆွေးနွေးမှုများကို တိုးမြှင့်လုပ်ဆောင်ရန်၊
(၂) သာမန်ပြည်သူလူထုကို ထိခိုက်မှုနည်းစေပြီး စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများကို အရှိုက်ထိစေမည့် စီးပွားရေးအရ ပစ်မှတ်ထားအရေးယူဆောင်ရွက်မှုများကို ချမှတ်လုပ်ဆောင်ရန် နှင့်
(၃) ဒီမိုကရေစီအစိုးရဖြစ်လာရန် ကြိုးပမ်းနေကြသည့်အဖွဲ့အစည်းများကို သံတမန်ရေးနှင့် ရုပ်ပိုင်းဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းတို့ ပါဝင်သည်။
လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များအပြင် အခြေခံအကြောင်းရင်းများကိုပါ ဖြေရှင်းခြင်း
လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံများရရှိရန် တောင်းဆိုခြင်းများမှာ အလွန်အရေးပါပြီး ယင်းတောင်းဆိုချက်များမှာ ပဋိပက္ခ၏ အခြေခံအကြောင်းရင်းများကို ဖြေရှင်းရန် ကြိုးပမ်းမှုများနှင့် ဆက်နွယ်မှုရှိသင့်သည်။ ရေရှည်ဖြေရှင်းချက်များအတွက် ပဋိပက္ခနှင့် ဆင်းရဲချွတ်ခြုံကျခြင်းကို တာရှည်စေသည့် အခြေခံကျသည့် နိုင်ငံရေးနှင့် စီးပွားရေးစနစ်များကို ကိုင်တွယ်ဖြေရှင်းခြင်းများ လိုအပ်သည်။
ပြည်ပစွက်ဖက်မှုများ၏ သံတမန်ရေး အဟန့်အတားများ
သံတမန်ရေးအရ ထုတ်ပြန်ချက်များတွင် များသောအားဖြင့် ချန်လှပ်ခံရသော အရေးကြီးသည့် အချက်တစ်ချက်မှာ မြန်မာပြည်သူလူထုဆန္ဒနှင့် မကိုက်ညီသည့် ပြည်ပစွက်ဖက်မှုများကို တားဆီးရန်လိုအပ်သည် ဆိုသည့် အချက်ဖြစ်သည်။ ဤစွက်ဖက်မှုများတွင် စစ်ကောင်စီကို ထောက်ခံအားပေးနေကြသည့် နိုင်ငံများအပြင် မြေပြင်တွင် ဖြစ်ပျက်နေကြသည့် ရှုပ်ထွေးသော အမှန်တကယ်အဖြစ်အပျက်များကို လုံးဝ ထည့်သွင်းမစဥ်းစားဘဲ NUG နှင့် ERO များကို ချန်လှပ်လိုကြသူ နိုင်ငံတကာ တက်ကြွလှုပ်ရှားသူများ၊ အထူးသဖြင့် မူဆလင် (ရိုဟင်ဂျာ) အရေး ဆော်သြနေကြသူများ၏ လော်ဘီလုပ်ရန် ကြိုးပမ်းမှုများပါဝင်သည်။ ဥပမာအားဖြင့် နိုင်ငံတကာ ဘာသာရေးလွပ်လပ်ခွင့်ဆိုင်ရာ အမေရိကန် ကော်မရှင်၏ ၂၀၂၄ ခုနှစ် အစီရင်ခံစာ (USCIRF) သည် မြန်မာ့ဒီမိုကရေစီကြိုးပမ်းမှုတွင် အဓိကပါဝင်သူများကို အမှုအမှတ်မဲ့ ဖယ်ထုတ်ပြီး ပကတိအခြေအနေကို ပေါ့ပျက်အောင်လုပ်ခြင်းအတွက် ဝေဖန်ခံရဖူးသည်။ အထူးသဖြင့် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာတွင် မြန်မာပြည်သူအများ အားကျရသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် အာရက္ခတပ်တော်ကို သီးခြားချန်လှပ်ပြီး ဝေဖန်အပုပ်ချရန် ကြိုးပမ်းမှုများရှိခဲ့သည်။
ဤကဲ့သို့ ရည်ရွယ်ချက်ရှိရှိ ခုတ်ရာတခြား ရှရာတခြား ရည်ရွယ်ရာနှင့် လွဲချော်စေသည့် ကြိုးပမ်းဆောင်ရွက်မှုများက မြန်မာပြည်၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအကူးအပြောင်းကို ချီတက်သည့် လမ်းကြောင်းကို ပိုမိုရှုပ်ထွေးစေသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းများအနေဖြင့် မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲနေသည့် နိုင်ငံရေးအခြေအနေနှင့် တိုင်းရင်းသားများ ဆက်ဆံရေးတို့တွင် ရှုပ်ထွေးခြင်းများရှိသည်ကို သတိပြုကာ ပို၍ပြည့်စုံစွာ အခြေအနေကို နားလည်သဘောပေါက်ရန် အလွန်အရေးကြီးပါသည်။
ရှေ့ဆက်မည့် ခရီး
ဒီမိုကရေစီအရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ရာတွင် မြန်မာပြည်သူလူထုက ပြသခဲ့သည့် သတ္တိနှင့် ခံနိုင်ရည်တို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ ပို၍ထိရောက်ပြီး စနစ်ကျသည့် အကူအညီအထောက်အပံ့များ ရသင့်သည်။ မြန်မာပြည်ရှိ လူမျိုးပေါင်းစုံတို့၏ လိုလားသောဆန္ဒနှင့် ပိုပြီးကိုက်ညီမည့် သံတမန်ရေး ကြိုးပမ်းမှုများကို ချိန်ညှိပြီး ထိခိုက်စေမည့် ပြည်ပစွက်ဖက်မှုများကို ထိထိရောက်ရောက် တားဆီးခြင်းဖြင့် စစ်မှန်သည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးဆီ ဦးတည်မည့် လမ်းကြောင်းကို ဖန်တီးဖော်ဆောင်နိုင်ရန် အလားအလာရှိနေပါသည်။
ရှေ့ကို ချီတက် ခရီးဆက်လာသည့်အခါ မြန်မာ့နိုင်ငံရေး ပထဝီအနေအထား ကို ကာလကြာရှည်စွာ ဒုက္ခပေးလာသည့် အခြေခံကျသည့် ပြဿနာများကို ရေရှည်နည်းလမ်းများဖြင့် ဖြေရှင်း ဆောင်ရွက်ရန်လိုသည့်အချက်ကို နားလည်သဘောပေါက်ရန် အရေးကြီးသည်။ မြန်မာပြည်သူလူထု မျှော်လင့်တောင့်တသည့် စနစ်အပြောင်းအလဲကို ထောက်ခံအားပေးခြင်း၊ ပြည်ပစွက်ဖက်မှု ကင်းမဲ့ပြီး ကိုယ်ပိုင်ဆုံးဖြတ် အုပ်ချုပ်စီမံပိုင်ခွင့် ကို အကာအကွယ်ပေးခြင်းတို့ ရှိမှသာလျှင် စစ်တပ်ကို အရပ်သားလက်အောက်တွင် ထားရှိပြီး တိုင်းရင်းသားမျိုးနွယ်များအားလုံး တန်းတူအခွင့်အရေးများ၊ တန်းတူကိုယ်စားပြုခွင့်ရှိသော စစ်မှန်သည့် ဒီမိုကရေစီ နိုင်ငံတော်ပေါ်ထွန်းလာခြင်းကို မြင်တွေ့ရန် မျှော်လင့်နိုင်ပါမည်။
(ဇန်နဝါရီလ ၈ ရက်နေ့တွင် Eurasia Review ၌ စာရေးသူ James Shwe ရေးသားသည့် Realigning International Approaches To Myanmar’s Crisis: Supporting Systemic Change And Addressing Foreign Interference – OpEd ဆောင်းပါးအား Arakan Bay News မှ ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။)