သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်က မူဆလင်တွေ အကန့်အသတ်မရှိ လွတ်လပ်ခွင့်ရနေ

အာရက္ခတပ်တော်(AA)က မင်းပြားမြို့ကို သိမ်းပိုက်၊ ထိန်းချုပ်လိုက်ပြီးတဲ့နောက် မင်းပြားမြို့နယ်နေ  မူဆလင်တွေမှာ စစ်ကောင်စီ (မြန်မာစစ်အစိုးရ) လက်ထက်က ကန့်သတ်ခံထားရတဲ့ လွတ်လပ်စွာ သွားလာခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်နှင့် ပညာသင်ကြားခွင့် စတာတွေကို ဒေသခံများနည်းတူ တန်းတူအခွင့်အရေးတွေရရှိလာပြီး လူမှုသဟဇာတကျကျနေထိုင်လာနိုင်တယ်လို့ မင်းပြားမြို့နယ်၊ သာဒါရွာမှ (NGO) ဝန်ထမ်းလုပ်ကိုင်နေတဲ့ မူဆလင်အမျိုးသားတစ်ဦးဖြစ်သူ ကိုမောင်မောင်သိန်းက Arakan Bay News သတင်းဌာနနဲ့အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

အကြောင်းအရာအပြည့်အစုံကို Arakan Bay News သတင်းထောက် ကိုငြိမ်းခိုင်က မေးမြန်းတင်ဆက်ပေးထားပါတယ်။

မေး       ။ သာလီစွပါ အစ်ကို။

ဖြေ       ။ သာလီစွပါ။

မေး       ။ အစ်ကို နာမည်နဲ့ နေရပ်လိပ်စာကို တစ်ချက် ပြောပေးပါ။

ဖြေ       ။ ကျနော့် နာမည်က မောင်မောင်သိန်းပါ။ ကျနော်က မင်းပြားမြို့နယ်၊ ခြိတ္တောင်အုပ်စု၊ သာဒါရွာက

            ဖြစ်ပါတယ်။

မေး       ။ ယခု လက်ရှိမှာ မင်းပြားမြို့ကို အာရက္ခတပ်တော် ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။ အဲ့လိုဆိုရင် လက်ရှိမှာ စစ်ကောင်စီအုပ်ချုပ်ခဲ့တဲ့ အခြေအနေနဲ့ ယခု အာရက္ခတပ်တော်အုပ်ချုပ်တဲ့ အခြေအနေကြားက ကွာခြားချက်တွေကို တစ်ချက် ပြောပေးပါ။

ဖြေ       ။ အရင်ကဆိုရင် အကြမ်းဖက်စစ်ကောင်စီအုပ်ချုပ်တဲ့အချိန်က အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အကြမ်းဖက်စစ်ကောင်စီ ရှိတုန်းအချိန်က စားဝတ်နေရေးတွေ၊ အလုပ်အကိုင်တွေ၊ စတဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းလို့မရပါဘူး။  အခု အချိန်မှာဆိုရင် လွတ်လွတ်လပ်လပ် နေလို့ရတယ်။ ခွဲခြားဆက်ဆံမှုတွေ မရှိပါ။ ရက္ခိုင်ပြည်သူပြည်သားနဲ့ ကျနော်တို့မူဆလင်တွေနဲ့ ပေါင်းသင်းပြီး နေလို့ရပါတယ်။ အရင်က ဆိုရင် လမ်းတွေ အားလုံးကို ပိတ်ထားတယ်။ အာရက္ခပြည်သူ့အစိုးရတက်လာပြီး လမ်းတွေကို ဖွင့်တဲ့အချိန်မှာ အသွားအပြန်တွေ လုပ်လို့ရပါတယ်။

မေး       ။ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအပိုင်းတွေမှာ ခွဲခြားဆက်ဆံမှုတွေ ရှိပါသလား။

ဖြေ       ။ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအခန်းကဏ္ဍတွေမှာ ခွဲခြားဆက်ဆံမှုတွေ လုံးဝမရှိပါ။ သူတို့တွေက ကျနော်တို့ကို ညီအစ်ကို မောင်နှမပုံစံမျိုး ချစ်ပါတယ်။ ကျနော်တို့ကလည်း သူတို့ကို ညီအစ်ကို မောင်နှမပုံစံမျိုး ချစ်ပါတယ်။

မေ        ။ ဘာသာရေးတွေကို လွတ်လပ်စွာ ကိုးကွယ်ခွင့်တွေနဲ့ လွတ်လပ်စွာ သွားပိုင်ခွင့် ရရှိတဲ့ အခြေအနေတွေကို တစ်ချက်ပြောပေးပါ။

ဖြေ       ။ ဘာသာရေးလွတ်လပ်ခွင့်တွေက အရင်က ဆိုရင် လုပ်ဆောင်သင့်တဲ့ အရာတွေကို လုပ်လို့မရဘူး။ ဥပမာပြောရမယ်ဆိုရင် အကြမ်းဖက်စစ်ကောင်စီရှိတုန်းက ဗလီတစ်လုံးဆောက်မယ်ဆိုရင် သူတို့ကို ငွေပေးရတယ်။ တစ်သိန်းဖြစ်ဖြစ်၊ နှစ်သိန်းဖြစ်ဖြစ်၊ သိန်းတစ်ရာဆိုရင် သိန်းတစ်ရာပေးရပါတယ်။ အခုခေတ်မှာဆိုရင်  AA ကို တင်ပြလို့ရှိရင် ကျနော်တို့ကို ဆောက်ခွင့်ပေးတယ်။ ပေးလို့ရှိရင် ကျနော်တို့က ဗလီဆောက်ချင်ရင်လည်း ဆောက်လို့ရတယ်။ ဘာသာရေးနဲ့ ပတ်သတ်တဲ့ တစ်ခုခု လုပ်ဆောင်သင့်တဲ့အရာတွေကို လုပ်လို့ရပါတယ်။ အရင်ခေတ်မှာဆိုရင် လုပ်လို့ မရပါ။

မေး       ။ လွတ်လပ်စွာ သွားပိုင်ခွင့် ရရှိတဲ့ အခြေအနေတွေကိုလည်း တစ်ချက်လောက်ပြောပေးပါ။

ဖြေ       ။ ဒီမှာ အရင်ကဆိုရင်က မြို့ထဲမှာ သွားလို့မရပါ။ မင်းပြားမြို့ထဲမှာ သွားလို့မရပါ။ အာရက္ခပြည်သူ့အစိုးရတက်ပြီး အားလုံးဖွင့်ပြီးတဲ့အချိန်မှာ ကျနော်တို့က မင်းပြားမြို့ထဲဝင်ပြီး ဈေးဝယ်လို့ ရပါတယ်။ အရင်ကဆိုရင် အတော့်ကို ဒုက္ခရောက်ပါတယ်၊ စစ်ကောင်စီ ရှိနေတဲ့ အတွက်ကြောင့်။ အခုဆိုရင် ကျနော်တို့ အဆင်ပြေပါတယ်။ တစ်ခု အဆင်မပြေတာက စားဝတ်နေရေး ဈေးတက်သွားတာကြောင့် ကျနော်တို့မှာ အဲ့တာက အခက်အခဲ့ တစ်ခုဖြစ်ပါတယ်။

မေး       ။ မင်းပြားမြို့ဟာ အာရက္ခပြည်သူ့အစိုရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပါတယ်။ အရင်ကဆိုရင် ရက္ခိုင်နဲ့ မူဆလင်တွေကြားမှာ အဆင်မပြေမှုတွေ ရှိခဲ့ပါတယ်။ လက်ရှိမှာ ရက္ခိုင်တွေနဲ့ မူဆလင်တွေနဲ့ လူမှုသဟဇာတ ဖြစ်မှုအခြေအနေတွေကို တစ်ချက်ပြောပြပေးပါ။

ဖြေ       ။ ဟုတ်ပါတယ်။ အရင်ကဆိုရင် ရခိုင်တွေနဲ့ အဆက်အသွယ်တွေ မလုပ်ရပါ။ အကြမ်းဖက်စစ်ကောင်စီက ကန့်သတ်ထားလို့၊ ဝင်ခွင့်မပေးလို့ ကျနော်တို့က သွားပြီး ပြောလို့၊ ဆိုလို့ မရပါ။ အခုချိန်မှာဆိုရင် အာရက္ခပြည်သူ့အစိုးရ တက်လာတဲ့အချိန်မှာ အားလုံးလွတ်လပ်ခွင့်တွေ အပြည့်အဝပေးပါတယ်။ ကျနော်တို့ သွားချင်တဲ့ နေရာကို သွားပြီးရင် အလုပ်အကိုင်တွေ၊ စားဝတ်နေရေးတွေ လိုက်ရှာပြီး နည်းနည်းပါးပါး လုပ်ကိုင်စားသောက်လို့ ရပါတယ်။

မေး       ။ အာရက္ခပြည်သူ့အစိုးရက ရပ်ရွာတွေမှာ ဘယ်လိုမျိုး အုပ်ချုပ်ရေးပုံစံ၊ စနစ်တွေကို တည်ဆောက်ပြီး လုပ်နေတာတွေ ရှိပါသလဲ။

ဖြေ       ။ အာရက္ခပြည်သူ့အစိုးရအုပ်ချုပ်တဲ့အချိန်မှာ အခြေအနေတွေက ပိုလို့ကောင်းပါတယ်။

မေး       ။ အနာဂတ်မှာ ရက္ခိုင်ဖြစ်ဖြစ်၊ မူဆလင်ဖြစ်ဖြစ်၊ မျိုးနွယ်စုဝင်တွေဖြစ်ဖြစ် ဘယ်လိုမျိုး မှီတင်းနေထိုင်သွားချင်လဲ ဆိုတာကို တစ်ချက်လောက် ပြောပေးပါ။

ဖြေ       ။ အနာဂတ်မှာ ပြောရမယ်ဆိုရင် ကျနော်တို့ အားလုံး တစ်စုတစ်ပေါင်းတည်း ညီအစ်ကို မောင်နှမပုံစံ မျိုးနဲ့ စည်းလုံးညီညွတ်မှုပုံစံမျိုးနဲ့ အတူသွားမယ်လို့  မျှော်လင့်ချက်ထားပါတယ်။

မေး       ။ အခြားဖြည့်စွက်ပြီး ပြောချင်တာတွေရှိရင် တစ်ချက်ပြောကြားပေးပါ။

ဖြေ       ။ အရင်ကဆိုရင် လုပ်လို့မရ၊ အခုချိန်မှာ လွတ်လပ်ခွင့်တွေ ရနေတဲ့အတွက် ပိုလို့အဆင်ပြေပါတယ်။ ၁၀၀ ရာခိုင်နှုန်းမှာ ၁၀၀ ရာခိုင်နှုန်း အဆင်ပြေပါတယ်။

ရုပ်သံအင်တာဗျူးကိုလည်း Arakan Bay News က ဆက်လက်တင်ပေးသွားမည်ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ