ဆောင်းပါးရှင်-မာမဃ/အတွေးအမြင်ဆောင်းပါး
“ကနဦးအပိုင်းမှာ ULA က ရှေ့ဆောင်ပါတီအဖြစ် တစ်ပြည်ထောင်စနစ် (Unitary State System) ဗဟိုချုပ်ကိုင်မှု အစိုးရတရပ်ထူထောင်ပြီးမှ နောက်ပိုင်းမှာ အရည်အချင်းနဲ့ လုပ်ငန်းအပေါ်မူတည်ပြီး အုပ်ချုပ်ရေး အာဏာကို အစိုးရအလွှာ အသီးသီးဆီ ခွဲဝေသွားပါမယ်။ စစ်တပ်ကတော့ ပါတီရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမှာပါ” ဗိုလ်ချုပ် ထွန်းမြတ်နိုင်
အချုပ်အခြာအာဏာကို တောင်းယူလို့ မရတာကြောင့် တိုက်ယူနေတဲ့ အာရက္ခပြည်ရဲ့ ဒီနေ့ အဖြစ်ပျက်တွေဟာ ရိုးရှင်းစွာ သိမြင်နားလည်ဖို့ ခက်ပါတယ်။ AA ခေါင်းဆောင်တွေရဲ့( Decision Making Skills) တွေဟာ မြန်မာ့နိုင်ငံရေး အခင်းကျင်းပေါ် ဆင်ခြင်တွေးတောနိုင်စွမ်း Critical Thinking ရှိတာကို ဦးစွာ အမွှန်းတင်ပါရစေ။
ဒီရက်ပိုင်းက AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ နိုင်ငံခြား အင်တာဗျူးတခုမှာ အာရက္ခပြည်ကို (Unitary State System) တပြည်ထောင်စနစ်နဲ့ အုပ်ချုပ်မယ်လို့ ပြောလိုက်တော့ ဝေဖန်မှုဂယက်တော်တော် လေးရိုက် ခတ်သွားပါတယ်။ ဒါက ဘာကြောင့်ဘာလဲ?။ AA ကလည်း ဘာကြောင့် ရွေးချယ်ရတာလဲ။ ဖြစ်တန်စွမ်းနဲ့ အခြေ နေအပေါ်သုံးသပ် ဆွေးနွေးသွားပါမယ်။
Unitary State System (တပြည်ထောင်စနစ်) ဆိုတာ နိုင်ငံတော်အာဏာကို ဗဟိုကချုပ်ကိုင်ထားတဲ့ နိုင်ငံရေးဖွဲ့ စည်းပုံ (A unitary system of government) ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ ကျော်ထဲက ၁၆၀ ခန့်ကျင့်သုံး နေကြပါတယ်။ အဲဒီအထဲမှာ ပြင်သစ်၊ ဂျပန်၊ ယူကေ၊ တရုတ်စတဲ့ နိုင်ငံတွေ ပါနေတာကိုလည်း တွေ့ရပါမယ်။
ဒါပေမဲ့ နိုင်ငံတခုနဲ့ တခုက လက်တွေ့ကျင့်သုံးမှု ပုံသေနည်း ကွဲပြားခြားနားမှုတွေ အများကြီးနဲ့ပါ။ ဗဟိုအုပ်ချုပ်မှု နိုင်ငံရေးစနစ်ဟာ တချို့နိုင်ငံတွေက တင်းတင်းကျပ်ကျပ်ကိုင်တွယ်ကြသလို၊ တချို့ကတော့ နဂို နိယာမတွေ ထက် လျှော့ပေါ့ပြီး ခေတ်နဲ့ လျှော်ညီစွာ သွားကြတာပါ။ ဆိုလိုတာက (State Holders) ခေါင်းဆောင်တွေရဲ့ တွေး ခေါ်ပုံက အခရာပါ။
ဒီကိစ္စအပေါ် ဝေဖန်နေသူတွေကတော့ ဖက်ဒရယ်စနစ်နဲ့ တပြည်ထောင်စနစ်ဟာ လမ်းကြောင်းမတူ။ ဆန့်ကျင် ဘက်ဆိုတဲ့ တချက်ကို အသေစွဲကိုင်တာပါ။ နောက်တချက်က တနိုင်ငံလုံးက ဖက်ဒရယ် စနစ်နဲ့ အနာဂတ် မြန်မာ ပြည် တည်ဆောက်မယ်လို့ ပြောနေချိန်မှာ AA က ခွဲထွက်လမ်းကြောင်းလွှဲတယ်ဆိုပြီး စိုးရိမ်စိတ် ဆုံမှတ်ပါ။
ဆိုတော့ ဒီမိုကရေစီတောင် အခြေမခိုင် ယိုင်လဲနေတဲ့ The Burmese Nationalist (ဗမာမျိုးချစ်) ဝါဒတွေထဲမှာ ဖက်ဒရယ်ဆိုပြီ ကြွေးကြော်လာတာ ဆယ်လီနှစ်တွေ ကြာလေပြီ။ ၁၉၆၂ ခုနှစ်ကနေ ၂၀၂၁ အထိ အာဏာသိမ်းမှု ဖြစ်စဉ်တိုင်းမှာ ပြည်သူတွေ ဒီမိုကရေစီကိုတောင့်တာခဲ့ကြပေမဲ့ ဒုံရင်းပါပဲ။ နောက်တခုက ဖက်ဒရယ်စနစ်ပါ။
ဖက်ဒရယ်မူ ဝိုးတဝါး
(ဖက်ဒရယ်စနစ်ကို ဆန့်ကျင် အဖျက်အမှောင့် ပြောခြင်းမဟုတ်ပါ) ။ မြန်မာပြည်ကို ခိုင်မာကောင်းမွန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်လာဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ တကယ့် Federal United State of Myanmar (ဖက်ဒရယ် ပြည်ထောင်စု) ဖြစ်လာရေး မလွယ်သေးတာပါ။ ဖက်ဒရယ်မူဘောင် တခုဖွဲ့စည်းရေးမှာ အာဏာခွဲဝေရေး တိုင်း ပြည်နာမည်ကအစ ပြည်နယ်တွေ ဖွဲ့စည်းပုံ ဥပဒေ၊ အလံ၊ တံဆိပ်၊ ရုံးသုံးစာ၊ စကားနဲ့ တခြားဆက်စပ်ပြီး ကျယ် ကျယ်လည်လည် အချေအတင် ဆွေးနွေးရမယ့် စိန်ခေါ်မှုတွေ ပြည့်နှက်နေဆဲပါ။
ပြီးတော့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အရ ပြည်နယ်ယူနစ်တွေ သတ်မှတ်ရေးမှာ ဗမာအများစုနေတဲ့ ပြည်မက တိုင်း ၅ ခု၊ တနင်္သာရီဒေသကို ဗမာပြည်နယ်တခု ပေါင်းဖွဲ့မှာလား။ ဒါ့အပြင် ကရင်နဲ့ ဗမာ ရောယှက်နေကြတဲ့ ဧရာဝတီဒေသကို ဘယ်လိုစီစဉ်မလဲ၊ ကချင်ပြည်နယ်ထဲက ရှမ်း၊ ဗမာတွေ၊ ရှမ်းမြောက်က ကချင်တွေ၊ ရှမ်း မြောက်/တောင် ဒေသက ‘ဝ’၊ တအာန်း၊ ပအိုဝ်း၊ ဓနု၊ ကိုးကန့်နဲ့ မိုင်းလား ဒေသတွေကို ရှမ်းပြည်နယ် တယူနစ် ထားမလား ? စတဲ့ ခေါင်းခဲ စရာတွေ တပုံတပန်းပါ။ဆိုလိုတာက အနာဂတ် Federal Democracy Charter ဟာ မေးခွန်း များစွာနဲ့ ဖြေရှင်းရမယ့် ပုစ္ဆာတွေပါ။
ဆိုတော့ မြန်မာပြည်မှာ အာရက္ခတခုလုံး စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ဖို့ နီးသထက်နီးနေချိန် ပြည်မနဲ့ အခြား ပြည်နယ်တွေက ဘယ်အချိန်လွတ်မြောက်မယ် မသိသေးပါ။ ဆိုတော့ မြန်မာပြည် ဖက်ဒရယ်မူကို AA က ထိုင် စောင့်နေဖို့ဆိုတာ မလွယ်ပါဘူး။
ဒီကြားကာလမှာ AA ဟာ Practical politicians (လက်တွေ့နိုင်ငံရေးသမားတွေ) ဖြစ်တော့ လက်တွေ့ကျတဲ့ ပုံစံနဲ့ သူ့ဒေသကို စီမံမယ်လို့ မြင်ပါ တယ်။ ဒီနေရာမှာ တပြည်ထောင် ဗဟိုအုပ်ချုပ်မှုစနစ်ကို ထူထောင်ပြီး ကာလ အပိုင်းအခြား တခုကို ဖြတ်သန်းမယ့် အရေးဟာ ဖက်ဒရယ်နဲ့ ဆန့်ကျင်ဘက် သွားနေတာဆိုပြီး တချို့က စိုးရိမ်မှု လွန်ကဲ ကြတယ်လို့နားလည်ပါတယ်။
ဒီတော့ AA ဟာ တပြည်ထောင်စနစ်နဲ့ ခွဲထွက်တော့မယ်လို့ ယူဆချက်တွေဟာ လက်တွေ့မကျပါဘူး။ အာရက္ခ ပြည်ဟာ ပြည်ထောင်စုကနေ လုံးဝ ခွဲထွက်လို့ မရသေးသလို၊ ခေါင်းဆောင်တွေလည်း ခွဲထွက်မယ်လို့ မပြောပါ ဘူး။ AA ဟာ ဗမာအပါဝင် တိုင်းရင်းသားအားလုံးနဲ့ ဖြတ်တောက်မရတဲ့ ဆက်နွယ်မှုရှိပါတယ်။ ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စုသွားတဲ့အခါ Coming Together (အတူတကွ ပူးပေါင်းနေထိုင်ခြင်း)လိုကြောင်း AA ခေါင်းဆောင်ပိုင်းက ပြောထားပါတယ်။
တခါ မြန်မာပြည်ထောင်စုထဲမှာ ‘ဝ’ နဲ့ မိုင်းလားတို့ရဲ့ အုပ်ချုပ်ရေး စနစ်ကို သွားကြည့်ရအောင်ပါ။ ‘ ဝ’၊ မိုင်းလား တို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာရှိပေမဲ့ ‘ဝ’ ပြည် ဖွဲ့စည်းအုပ်ချုပ်မှုပုံ မူဝါဒကို ဘယ်သူတွေရေးဆွဲသလဲ။ ‘ဝ’ ပြည်အရေးကို စစ်ခေါင်းဆောင်က ၂၀၀၈ နဲ့ အလုံးစုံ ဝင်ရောက်စွက်ဖက်လို့ ရ/ မရ။ ဖွဲ့စည်းပုံအရ ဗဟိုအစိုးရ အာဏာ သက်ရောက်/မရောက်၊ ‘ဝ’ ပြည်ဟာ ကိုယ့်ပုံစံ ကိုယ့်ဟန်နဲ့ စီမံအုပ်ချုပ်ပြီး မြန်မာပြည်ထောင်စုထဲမှာ ရှိနေပါတယ်။ ဆိုတော့ ‘ဝ’ ပြည်မှာ တပြည်ထောင်အုပ်ချုပ်ရေးစနစ်လို့ ယူဆနိုင်သလား?။ ပြည်ထောင်စုထဲက တပြည်ထောင်ဒေသလား?။
AA ရဲ့ နိုင်ငံရေး ဒီဂရီ
AA မှာ ခိုင်မာတဲ့ နိုင်ငံရေးပန်းတိုင်နဲ့ လမ်းစဉ် ပြတ်သားစွာရှိပါတယ်။ ရက္ခိတလမ်းစဉ်ဟာ AA နဲ့ ပြည်သူ ထပ်ထူ ကျပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုလို့ ထပ်တလဲလဲ ပြောနေကြချိန်မှာ AA က ကွန်ဖက်ဒရိတ် (Confederate) လို့ ရဲရဲတင်းတင်း ကြေညာသူပါ။ တခါ NCA ဆို NCA၊ ပင်လုံဆိုတော့လည်း ပင်လုံစတဲ့ လေယူရာ ယိမ်းမနေပါဘူး။ နိုင်ငံရေး အတက်အကျမှာ လက်တွေ့ကျတဲ့ ပုံစံနဲ့ ရလာဒ်ဖန်တီးရှင်တွေပါ။ တခါတလေ တကိုယ်တော် စစ်ကစား သလို၊ လိုအပ်ရင် နိုင်ငံအနှံ့ ပတ်ပြီးတော့လည်း စစ်ကစားတတ်ပါတယ်။ AA ဟာ တော်လှန်ရေး၊ နိုင်ငံရေး ယဉ်ကျေးမှုထဲမှာ ကျရာဇတ်က သရုပ်ဆောင်တတ်သူတွေပါ။
ဆိုတော့ခါ ဆောင်းပါးရဲ့ လိုရင်းကို ပြန်သွားချင်ပါတယ်။ အုပ်ချုပ်မှုပုံစံနဲ့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ စကာလုံးတလုံး ချင်းစီ အဓိပ္ပာယ်ကို Analysis လုပ်ကြည့်ပါမယ်။
“ကနဦးအပိုင်းမှာ ULA က ရှေ့ဆောင်ပါတီအဖြစ် တစ်ပြည်ထောင်စနစ် (Unitary State System) ဗဟိုချုပ်ကိုင်မှု အစိုးရတရပ်ထူထောင်ပြီးမှ နောက်ပိုင်းမှာ အရည်အချင်းနဲ့ လုပ်ငန်းအပေါ်မူတည်ပြီး အုပ်ချုပ်ရေး အာဏာကို အစိုးရအလွှာ အသီးသီးဆီ ခွဲဝေသွားပါမယ်။ စစ်တပ်ကတော့ ပါတီရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမှာပါ ” ဗိုလ်ချုပ် ထွန်းမြတ်နိုင်
တိုင်းပြည်တည်ဆောက်ရေး အကောင်အထည်ဖော်ရာမှာ လိုအပ်ချက်အရ ကနဦးနဲ့ အနာဂတ်ပန်းတိုင်ကို ချပြ သွားတာပါ။ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ဟာ စကားကို စဉ်းစားချင့်ချိန်ပြောတတ်ပြီး တာဝန်ယူနိုင်မှ ပြောတတ်ပါတယ်။ ဒါ့အပြင် လက်တွေ့သမားဖြစ်ပြီးတော့ ရည်မှန်းချက် ပြတ်သားသလို တဖက်အဖွဲ့အစည်းလည်း မထိခိုက်အောင် ပါးနပ်စွာဖြေရှင်း ပေးတတ်ပါတယ်။
ဒီတော့ အာရက္ခပြည်တည်ဆောက်ရေး အစောပိုင်းကာလမှာ တပြည်ထောင်စနစ်ကို ဘာကြောင့် ကျင့်သုံးရလဲ ဆိုတာကို ဆန်းစစ်ရအောင်ပါ။
ပထမတချက်က နိုင်ငံတကာ နိုင်ငံရေးစနစ်မှာ အချိန်အခါကို မူတည်ပြီး ပြောင်းလဲစီမံအုပ်ချုပ်နေကြတာကို သိ ထားပုံပေါ်ပါတယ်။ ကမ္ဘာ့နိုင်ငံတိုင်းမှာ တော်လှန်ရေးအပြီး တစစီကွဲ ပြဲဒဏ်ရာတွေကို ပြန်လည်ကုစားရာမှာ နေရာဒေသ ကွက်ပြီး အမိန့်အာဏာ (Command)နဲ့ တပြည်ထောင်စနစ်ကို အချိန်အတိုင်းတာလိုက်လို့ အသုံးပြု ကြတာလည်း ငြင်းမရပါ။
ဒါကြောင့် အာရက္ခဒေသဟာ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေကြားမှာ ဂုဏ်သိက္ခာရှိရှိ မားမားမတ်မတ် ရပ်တည်နိုင် ဖို့ အခြေခံအားဖြင့် စစ်ရေးအင်အား(Military Might)၊ စီးပွားရေးအင်အား (Economic Might)နဲ့ နိုင်ငံရေးအင်အား (Political Might) ခိုင်မာဖို့ တပြည်ထောင်စနစ်နဲ့ ခဏတဖြုတ် ထိန်းကျောင်း အုံးမယ်ထင်ပါတယ်။
ဒုတိယအချက်ကတော့ ဒေသနေ ပြည်သူတို့ရဲ့ အသက်တွေကယ်တင်ခြင်း (Saving Lives)၊ လူသားချင်းစာနာ ထောက်ထားမှု (Humanitarian Approach) အကောင်အထည်ဖော်ပြီးတော့ ဖွံ့ဖြိုးမှုအထောက်အကူပြု (Development Approach) နည်းနဲ့ အားယူမယ်လို့ ယူဆပါတယ်။
ပြီးတော့ ULA အုပ်ချုပ်မှုထဲမှာ ပါ၀ါအမာ (Hard Power)နဲ့ ပါ၀ါအပျော့ (Soft Power) တို့ကို စနစ်တကျပေါင်း စပ်ဖို့လည်း ဖြစ်မှာပါ။ (Hard Power) မှာ တော့ ကာကွယ်ရေး၊ အုပ်ချုပ်ရေးတွေကို တတ်သိပညာရှင်တွေနဲ့ တည်ဆောက်ရမှာဖြစ်ပြီး အခြားတဖက်မှာလည်း Soft Power မှာ ဒေသတွင်းနေ ပြည်သူတို့ရဲ့ လူမှုသဟဇာတ အရေးကို ကိုင်တွယ်ဖို့ပါ။
ဒီအထဲမှာ မူဆလင်အရေးကို တွေ့လာရမှာပါ။ ဒီနေ့မှာ မြေပြင်က မူဆလင်နဲ့ ရက္ခိုင် Community ကြားမှာ ငြိမ်း ချမ်းစွာ အတူယှဉ်တွဲနေကြပေမဲ့ ဘူးသီးတောင်၊ မောင်တောဒေသတွေမှာတော့ လူမျိုးရေး ဘာသာရေး ပဋိပက္ခ တွေကို မီးမွှေပြီး Propaganda (ဝါဒဖြန့်) နေတာ တွေရှိနေတော့ သတိထားဟန် ရှိပါတယ်။
ထို့အတူပဲ ရက္ခိုင်ဒေသနေ မျိုးနွယ်စုအရေးမှာလည်း မျိုးနွယ်စု တခုချင်းစီက သမာသမတ်ကျတဲ့ ဩဇာရှိ သူတွေ ULA/AA နဲ့ ပူးပေါင်းပြီး ဒေသအတွင်း လူသားချင်းစာနာမှု၊ အုပ်ချုပ်ရေး လုပ်ငန်းတွေမှာ ပူးပေါင်းနေကြပါတယ်။ဒါပေမဲ့ အာရက္ခပြည်ဟာ ဂုဏ်သိက္ခာရှိတဲ့ လူ့ဘောင်နဲ့ ငြိမ်းချမ်းပြီး တရားမျှတတဲ့ နိုင်ငံရေးအဆောက်အုံ (political institutions) တခု ဖြစ်လာဖို့ ခရီးက အရှည်ကြီးရှိနေပါသေးတယ်။
အာရက္ခပြည်သစ် ဖြစ်တန်စွမ်း
အာရက္ခပြည်ဆိုတဲ့ ရွာကြီးတရွာကို တည်ဆောက်ရေးမှာ တပြည်ထောင်စနစ်ဆိုရင်လည်းဇာတ်ကောင်တွေက တော့ ပြည်သူလိုအပ်ချက် ပြည်သူ့ဘက်ကို မျက်နှာမူပြီးတော့ သမာသမတ်ကျကျ ပြုပြင်မွန်းမံ ရမှာပါ။
ဥပမာ- နိုင်ငံရေးသမားက ရွာကိုလှည့်ကြည့်ပြီး ပြည်သူတွေ့နဲ့တွေ့၊ ဗျူရိုကရက်တစ်က ရွာအုပ်ချုပ်ရေးနဲ့တွေ့ အ ခြေအနေ ပေါ်မူတည်ပြီး ညွှန်ကြားချက်ပေး၊ ဆရာဝန်က ကျန်းမာရေးစောင့်ရှောက်၊ အင်ဂျင်နီယာက ရွာလမ်း ဖောက်၊ ကျောင်းဆရာက ကလေးပျိုးထောင်၊ အရပ်ဘက်အဖွဲ့စည်းက လူမှုရေးလိုအပ်ချက်တွေပံ့ပိုး၊ မီဒီယာသ မားက Check and Balance လုပ် ဒီလို နိုင်ရာတာဝန်နဲ့ အလုပ်များကြရမှာပါ။
အခြားတဖက်မှာလည်း AA ရဲ့ တော်လှန်ရေး၊ နိုင်ငံရေး ရပ်တည်ချက်တွေထဲမှာ ဗမာအပါဝင် တိုင်းရင်းသား မဟာ မိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်ထောင်စုအမြင်တွေ များစွာရှိပါတယ်။ ရက္ခိတလမ်းစဉ်ဟာ ရက္ခိုင်အမျိုးသားရေး တခုတည်းသာမဟုတ်၊ ဘဝတူ ဖိနှိပ်ခံ ပြည်သူအားလုံး စစ်အာဏာရှင်အောက်က လွတ်မြောက်ရေးနဲ့ တိုက်ရိုက် ချိတ်ဆက်ထားပါသေးတယ်။
ဆိုတော့ ULA ဟာ အာရက္ခပြည်သစ်ကို ဘယ်စနစ်နဲ့ပဲ အုပ်ချုပ် ထူထောင်ပါစေ ပြည်သူ့ဗဟိုပြု၊ ပြည်သူ့လိုအပ် ချက်ကို ဖြည့်စွမ်းပေးနိုင်ရမှာပါ။ ဒါကြောင့် အာရက္ခဒေသမှာ လတ်တလော ကျင့်သုံးမယ့် တပြည်ထောင်စနစ် အတိမ် အနက်ကို ကြိုတွေးပြီး စိုးရိမ်မှု မလွန်ကဲဖို့နဲ့ အဆိုးမြင်ဘက်ကို ယိမ်းမနေကြဖို့ လိုပါတယ်။
အနာဂတ် အာရက္ခပြည်အတွက် AA ခေါင်းဆောင်တွေနဲ့ ကဏ္ဍအလိုက် တာဝန်ယူကြမယ့် တိုင်းပြည်တည် ဆောက်ရေး ဗိသုကာ ပညာရှင်တွေရဲ့ စွမ်းပကားကို အသာချောင်းပြီး တစောင်းကနေ စောင့်ကြည့်ကြဖို့ အကြံပြု ရကြောင်းပါ ခင်ဗျား။
“ဆောင်းပါရှင်မာမဃသည် မြန်မာ့နိုင်ငံရေး၊ စစ်ရေးတွေကို လေ့လာသုံးသပ်သူ တစ်ဦးဖြစ်ပြီး ၁၀ စုနှစ် တစ်ခုကျော်ကြာ နိုင်ငံရေး၊ စစ်ရေးဆောင်းပါးတွေကို ရေးသားနေသူ တစ်ဦးဖြစ်သည်။”
Read more article-ဆောင်းပါး Archives – Arakan Bay News