သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တိုက်ပွဲကြောင့် နေအိမ်များ မီးလောင်ပြာကျခဲ့ရသည့်ရက္ခိုင် ပြည်သူများ အရေးပေါ်အကူအညီ လိုအပ်နေ

ရက္ခိုင်တွင် တိုက်ပွဲများကြောင့် နေအိမ်များ မီးလောင်ပြာကျခဲ့ရသည့် ပြည်သူများမှာ လက်ရှိတွင် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ဒေသခံပြည်သူများက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃နှစ်၊ နိုဝင်ဘာလ ၁၃ရက်နေ့မှ စ၍ ရက္ခိုင်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီအဖွဲ့သည် ရက္ခိုင်ရှိ မြို့နယ်များမှ အရပ်သားပြည်သူများ၏ နေအိမ်များကို လေကြောင်း၊ ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် စစ်ကောင်စီတပ်သားများသည် ​မြို့ရွာများကို ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။

မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်များ ဆုံးရှုံးခဲ့ရသည့် ပြည်သူများမှာ စားဝတ်နေရေး အကူအညီများ လိုအပ်နေကြောင်း ပေါက်တောမြို့မှ ဒေါ်မလှရွှေက AB News သို့ပြောသည်။

“တိုက်ပွဲဖြစ်လို့ နေအိမ်တွေနဲ့ ပိုင်ဆိုင်သမျှ ပစ္စည်းတွေ ဆုံးရှုံးခဲ့ရပါတယ်။ စစ်ရှောင်နေတဲ့အချိန်မှာ ရှိတာလေးကို ထုခွဲရောင်းချပြီး စားသောက်နေရပါတယ်။ အခုက ဘာမှ မကျန်တော့ပါဘူး။ ကျမတို့ အတော့်ကို ဒုက္ခရောက်နေကြပါတယ်” ဟု ဆိုသည်။

ပေါက်တောမြို့ကို အာရက္ခတပ်တော်က အပြီးပိုင် သိမ်းပိုက်ခဲ့သော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် ရှိနေသည့်အတွက် မြို့အတွင်း၌ မနေဝံ့သေးကြောင်း သူမက ထပ်မံပြောဆိုသည်။

ထို့အပြင် နေအိမ်များ မီးလောင်ပြာကျခဲ့ရသည့် ပြည်သူများမှာ အကူအညီ ကင်းမဲ့နေကြောင်း မင်းပြားမြို့ခံ တစ်ဦးဖြစ်သည့် ကိုလှဘုက ဆိုသည်။

” နေအိမ်တွေ ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေဟာ အတော့်ကို သနားစရာ ကောင်းပါတယ်။ တချို့ဆို အမိုးအကာအောက်ကို ရောက်ဖို့ ကြိုးစားနေရဆဲပါ။ သူတို့မှာ စားနပ်ရိက္ခာလည်း ပြတ်လပ်နေကြတယ်။ မိုးရာသီမှာဆိုတော့ ပိုပြီး အခက်တွေ့နေကြပါတယ်” ဆိုသည်။

စစ်ဘေးဒုက္ခသည်များနှင့် နေအိမ်များ မီးလောင်ပြာကျခဲ့ရသည့် ပြည်သူများအား ရက္ခိုင်ပြည်တွင်းမှ CSOအဖွဲ့များက ကျပ်ငွေအနည်းငယ်သာ ထောက်ပံ့မှုရှိပြီး နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများမှ ကူညီထောက်ပံ့ပေးမှုများလည်း မရှိသေးကြောင်း သိရသည်။

 တိုက်ပွဲကြောင့် နေအိမ်များ ဆုံးရှုံးခဲ့သည့် ဒေသခံများကို အမိုးအကာအောက် ရောက်ရှိရေးအတွက် အာရက္ခပြည်သူ့အစိုးရမှ အုန်း၊ ဝါးနှင့် သစ်များ ကူညီထောက်ပံ့နေကြောင်း ဒေသခံများက ပြောဆိုသည်။

မီးလောင်ပြာကျ ပြည်သူများနှင့် စစ်ဘေးဒုက္ခသည်များ၏ ဘဝနေထိုင်မှု အဆင်ပြေလာစေရန် ပြည်တွင်း၊ ပြည်ပမှ အကူအညီပေးနေသည့် အဖွဲ့အစည်းများ၏ အထောက်အပံ့များ လိုအပ်ကြောင်း မြောက်ဦးမြို့နယ်မှ မူဆလင်အမျိုးသား တစ်ဦးဖြစ်သည့် ကိုညီညီဇော်က ပြောဆိုသည်။

” အခုက စစ်ဘေးဒုက္ခသည်တွေနဲ့ မီးလောင်ပြာကျ ပြည်သူတွေဟာ ကျောချမဲ့ နေရာကို ကြိုးစားပြီး ဆောက်နေရပါတယ်။ မိုးရာသီဆိုတော့ နေစရာက အတော့်ကို အရေးကြီးပါတယ်။ သူတို့ဟာ အလုပ်အကိုင်တွေလည်း ရှားပါးနေပါတယ်။ အဲ့ဒါကြောင့် ပြည်တွင်း၊ ပြည်ပက အကူညီတွေ လိုအပ်နေပါတယ်” ဆိုသည်။

လက်ရှိတွင် ရက္ခိုင်ရှိ မြို့များမှ မီးလောင်ပြာကျ ပြည်သူများနှင့် စစ်ဘေးဒုက္ခသည်များမှာ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ