သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ် သာယာကုန်းရွာတွင် စကစ စစ်ကြောင်းဝင်လာစဥ် လမ်းမလျှောက်နိုင်၍ ကျန်နေခဲ့သည့် မြေး၊ ဖိုး ၂ ဦး၏ ပုတ်ပွနေသောရုပ်အလောင်းများကိုတွေ့ ၊ ကျောင်းထိုင်ဘုန်းကြီးနှင့် ကိုရင်ငယ်တို့လည်း ပျောက်နေ

မောင်တောမြို့နယ် သာယာကုန်းရွာသို့ စစ်ကောင်စီ၏ နခခ ၂ တပ်ရင်းမှ စစ်ကြောင်းက ဝင်ရောက်လာစဥ် လမ်းမလျှောက်နိုင်၍ ကျန်နေခဲ့သည့် သက်ကြီးပိုင်းအဖိုးအိုနှင့် ၎င်း၏မြေးဖြစ်သူတို့၏ ပုတ်ပွနေသည့် ရုပ်အလောင်း ၂ ခုကို ယမန်နေ့ ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းက တွေ့ရကြောင်း ရွာသားများက AB News သို့ပြောသည်။

ရွာထဲတွင် ပုတ်ပွနေသည့် ရုပ်အလောင်းများမှာ သာယာကုန်းရွာမှ အဖ ဦးမောင်လှသိန်း၏သား အသက် ၁၄နှစ်အရွယ် မောင်သန်းရီနှင့် အသက် ၇၈ နှစ်အရယ် ဦးချဘူအောင် တို့ဖြစ်ကြသည်။

ဦးချဘူအောင်၏ ရုပ်အလောင်းမှာ အရိုးစုသာ ကျန်ရှိပြီး မောင်သန်းရီ၏ ရုပ်အလောင်းမှာ ပုတ်ပွကာ ပျက်စီးနေသည်ကို တွေ့ရသည်။

ဇွန်လ ၂ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် မောင်တောမြို့ ၄ မိုင်ရှိ နခခ ၂ မှ စစ်ကောင်စီစစ်ကြောင်း သာယာကုန်းရွာထဲသို့ ဝင်လာစဥ် ရွာသားများ အားလုံးနီးပါး ကြောက်လန့် ထွက်ပြေးခဲ့ကြသော်လည်း လမ်းမလျှောက်နိုင်သည့် အသက် ၇၈ နှစ်အရွယ် သက်ကြီးပိုင်း ၁ ဦးနှင့် ၎င်း၏ မြေးတော်စပ်သူတို့သည် ရွာထဲတွင် ကျန်နေခဲ့သည်ဟု ကျေးရွာသား ၁ ဦးက ပြောသည်။

“စစ်တပ် (စစ်ကောင်စီ) က ရွာထဲဝင်လာတယ်လို့ သိတာနဲ့ ရွာသားတွေ အကုန်လုံးက ပြေးသွားကြတယ်။ အဲဒီမှာ လမ်းတောင် မလျှောက်နိုင်တဲ့ အဖိုးနဲ့ မြေးက ကျန်ခဲ့တာ။ အဲဒါကို အဲဒီစစ်ကြောင်းက ပစ်သတ်သွားတာပါ။ ကျနော်တို့လည်း တိုက်ပွဲက ပြင်းနေတော့ ရွာထဲ ပြန်မလာဖြစ်ဘူး။ ဒီနေ့မနက်မှာ ဝင်ကြည့်မှ သေနေတာကိုတွေ့ပါတယ်” ဟု ပြောသည်။

ထို့အပြင်း ယင်းနေ့က ရွာဦး ဘုန်းတော်ကြီးကျောင်းတွင် ကျောင်းထိုင်ဘုန်းကြီးနှင့်အတူ ကိုရင်ငယ် ၁ ပါးတို့ ကျန်ခဲ့ကြပြီး ၎င်းတို့ ၂ ဦးမှာလည်း အစအနရှာမတွေ့ဘဲ ပျောက်နေ၍ စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်း ဖြစ်နိုင်သည်ဟု ရွာသားများက သုံးသပ်ကြကြောင်း AB News သို့ပြောသည်။

“အဲဒီနေ့က ကျောင်းထိုင်ဆရာတော်နှင့် ကိုရင်လေးတို့လည်း ဘုန်းတော်ကြီးကျောင်းမှာ ထွက်မပြေးဘဲ ကျန်ခဲ့ပါတယ်။ ခု ဆရာတော်ကိုလည်း မတွေ့ ကိုရင်လည်း ပျောက်နေတယ်။ အစအနတွေမတွေ့ရဘူး။ စစ်တပ် (စကစ) ကဖမ်းဆီးသွားပြီထင်ပါတယ်” ဟု ပြောသည်။

ယမန်နေ့ ဇွန်လ ၉ ရက်နေ့က ရွာထဲတွင် ပုတ်ပွနေသည့် ရုပ်အလောင်းများကို သယ်ယူ မြေမြှုပ်ရန် ရွာသားများ သွား‌ရောက်ချိန်တွင် ရွာအနီတောစပ်ရှိ စစ်ကောင်စီ စစ်ကြောင်းက သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့၍ မြေမြှုပ်သင်္ဂြိုလ်နိုင်ခြင်းမရှိခဲ့ကြောင်း ဒေသခံရွာသားက ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် စစ်ဘက် အရပ်ဘက် ခွဲခြားခြင်း လုံးဝ မပြုလုပ်ဘဲ ရွာထဲ၊ မြို့ထဲများ ဝင်ရောက်ကာ အရပ်သား ပြည်သူများကို ပစ်ခတ်သတ်ဖြင့်ခြင်း၊ မုဒိမ်းကျင့် သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်းစသည့် စစ်ရာဇဝတ်မှုကို ဆက်တိုက် ဗြောင်ကျကျ ကျူးလွန်လျှက်ရှိနေသည်။

မောင်တောမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်ကျန်စခန်းများ အားလုံးကို သိမ်းပိုက်ရန် အာရက္ခတပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိသည့်အပြင် မူဆလင်လက်နက်ကိုင် ARSA, RSO,ARA အဖွဲ့များကိုလည်း AA က ရှင်းလင်းလျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ