သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Update News-ယိုးတရုပ်ရွာ လေကြောင်းတိုက်ခိုက်ခံရမှု နောက်ဆက်တွဲသတင်းအပြည့်အစုံ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရွာမှ ၁၀ နှစ်အရွယ် ကလေး ၁ ဦးနှင့် စစ်တွေမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီး ၁ ဦးသေဆုံးပြီး၊ ပြင်းထန် ဒဏ်ရာ ၅ ဦးနှင့် ဒဏ်ရာအသေးစား၊အလတ်စားဒဏ်ရာ ၆ ဦးရ

ယနေ့ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီ ၂၀ မိနစ်တွင် စစ်ကောင်စီက ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်အား လေကြောင်းမှ ၂ ကြိမ်တိုင် လာရောက်၍ ဗုံး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ ၁၀ နှစ်သား အရွယ် ကလေးငယ် တစ်ဦးနှင့် စစ်တွေမြို့နယ်မှ စစ်ဘေးရှောင်နေသည့် စစ်ရှောင် အမျိုးသမီး ၁ ဦးတို့သေဆုံးသွားပြီး၊ ပြင်းထန်ဒဏ်ရာ ၅ ဦးနှင့် ဒဏ်ရာ အသေးစား၊ အလတ်စား ၆ ဦးရရှိခဲ့ကာ အိမ် ၂ လုံးပျက်စီးသွားကြောင်း ကျေးရွာသားများက AB News သို့ပြောသည်။

သေဆုံးသွားသူများမှာ မောင်ကျော်လွင် (ခ) ဒေါင်းဒေါင်း အသက် ၁၀ နှစ်နှင့် စစ်တွေမြို့နယ် ပျားလည်ချောင်းရွာမှ စစ်ဘေးရှောင်နေသည့် မခိုင်မိုးအေး အသက် ၂၆နှစ်တို့ ဖြစ်ပြီးသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ရွာအား စစ်ကောင်စီက လေကြောင်း ပစ်ခတ် တိုက်ခိုက်ခဲ့၍ ကလေးငယ် ၁ ဦးနှင့် စစ်ဘေးရှောင် တစ်ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာ အသီးသီးရရှိ၊ စစ်ကောင်စီအဖွဲ့ စစ်ရာဇဝတ်မှုဆက်တိုက်ကျူးလွန်

ဒဏ်ရာပြင်းထန်ရရှိသူများမှာ ဦးကောင်းစံ အသက် ၅၂ နှစ်၊ ကောင်းစံ၏ ဇနီးဖြစ်သူ ဒေါ်သန္တာခိုင် အသက် ၄၈ နှစ်၊ နှင့် ဦးမောင်ကျော်မြင့်၏ သမီး မအေးအေးဖြူ အသက် ၂၁ နှစ်၊ မောင်ဟိန်းဝင်း အသက် ၈ နှစ်၊ မောင်မျိုးဆန်းအောင် အသက် ၁၈နှစ်တို့ ဖြစ်ကြသည်။

ဒဏ်ရာ အသေးစား အလတ်စား ရရှိသွားသူများမှာ သေဆုံးသွားသည့် မောင်ကျော်လွင်၏ မိခင် ဒေါ်မဲမ (ခ) ဒေါ်အေးနု အသက် ၄၃ နှစ်၊ စုမြတ်ဦး အသက် ၁၄ နှစ်၊ ဦးကောင်းစံ၊ ဒေါ်သန္တာခိုင်တို့၏ သမီး မစုချေ အသက် ၆ နှစ်၊ သေဆုံးသွားသည့် မခိုင်မိုးအေး၏ သမီး မနှင်းဝတီ ၅ နှစ်၊ ဒေါ်အေးခိုင် အသက် ၅၄ နှစ် နှင့် ‌ဒေါ်လှသန်းမေ အသက် ၅၄ နှစ်တို့ ဖြစ်ကြသည်။

ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီ ၂၀ ခန့်တွင် ဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာအတွင်း နေအိမ်တွင် ဗုံးထိမှန်၍ ပျက်စီးသွားသည်ကိုတွေ့ရစဥ်/ABN

ဒဏ်ရာရရှိသူများမှာ အသက်အန္တရာယ် စိုးရိမ်ရလောက်သည်အထိ ဒဏ်ရာများ ပြင်းထန်ကြောင်း ယိုးတရုပ်ရွာသား တစ်ဦးကပြောသည်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ယိုးတရုပ်ရွာမှ လူနေအိမ် ၂ အိမ် ပျက်စီးသွား/ABN

စစ်ကောင်စီသည် ယနေ့ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်း ၉ နာရီအချိန်တွင် ပေါက်တောမြို့နယ် သံခုံရွာကို Y12 ဗုံးကြဲလေယာဥ်ဖြင့် ဗုံး ၄ လုံး၊ ယနေ့ နံနက် ၉ နာရီခွဲတွင် တောင်ဦးမောင်တောင်စွန်းသို့ ဗုံး ၆ လုံး ၊ ၉ နာရီ ၄၅ မိနစ်တွင် ကြိမ်ခွေမော်ရွာကို ဗုံး ၇ လုံးနှင့် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရွာကို ၁၀ နာရီ ၂၀ မိနစ်က ဗုံး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ပေါက်တောမြို့နယ် ကြိမ်ခွေမော်ရွာမှ မောင်ထွန်းဝင်းချေ အသက် ၂၉ နှစ်၏ ဘယ်ဘက် လက်မောင်းဆုံနှင့် မေ့စေ့တို့တွင် ဗုံးစထိမှန် ဒဏ်ရာပြင်းရာရသွားပြီး၊ ဦးကျော်သံသာ အသက် ၅၉ နှစ်၏ ညာဖက် တံတောင်ဆစ်တွင် ဗုံးစထိမှန် ဒဏ်ရာ ပြင်းထန်ရသွားကြောင်း ရွာသားများက အတည်ပြုပြောသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည် လူနေကျေးရွာများ၊ စစ်‌ဘေးရှောင်များ ရှိသည့်နေရာများ၊ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများနှင့် သာသနိက အဆောက်အဦးများကို ရည်ရွယ်ချက်ချက် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက် စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိသည့်အပြင် အပြစ်မဲ့ ပြည်သူများများအား အစုလိုက် အပြုံလိုက် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုများကိုပါ ကျူးလွန်လျက်ရှိသည်ကို တွေ့ရသည်။

မေလ ၃၀/၃၁ ရက်နေ့များက စစ်တွေမြို့၊ ဗျိုင်းဖြူရွာမှ အပြစ်မဲ့ ပြည်သူ ၄၀ ကျော်တို့အား ပစ်ခတ်သတ်ဖြတ်ကာ မီးရှို့ အလောင်းဖျောက်လိုက်ပြီး အမျိုးသမီး ၃ ဦးအား မုဒိန်းကျင့်မှုကျူးလွန်ကာ အမျိုးသမီး ၂ ဦးကို သတ်ဖြတ်ခဲ့သည်။

ရက္ခိုင်ပြည်တွင် စစ်ကောင်စီ၏ အရပ်သား ပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ် မေလ ၁၃ ရက်နေ့အထိ အရပ်သား သေဆုံးသူ ၂၆၈ ဦး၊ ဒဏ်ရာရရှိသူ ၆၄၀ ဦးရှိခဲ့ပြီး အပြစ်မဲ့ပြည်သူ ၄၂၅ ဦးတို့အား စစ်ကောင်စီက ဖမ်းဆီးထားကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ၏ မေလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ