AB News – ဧပြီ ၁၊ ၂၀၂၄
ရက္ခိုင်ပြည်၊ မာန်အောင်မြို့တွင် ပုဒ်မ ၅၀၅( က)ဖြင့်အမှုဖွင့်ခံထားရသည့် မေဃသစ္စာဖုန်းဆိုင်ပိုင်ရှင် ဦးစည်သူအား စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်ချလိုက်ကြောင်း သိရသည်။
ဦးစည်သူအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ( က) ဖြင့် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတွင် မာန်အောင်မြို့နယ် တရားရုံးက ချမှတ်လိုက်ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။
“မတ်လ ၂၉ ရက်နေ့မှာပေါ့။ သူ့ကိုရုံးထုတ်ခဲ့တယ်။ ပြီးတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က)နဲ့ ငြိစွန်းတယ်လို့ပြောတယ်။ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်” ဟုဆိုသည်။
ဦးစည်သူသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တည်ထားကိုးကွယ်သည့် နေပြည်တော်ရှိ မာရဝိဇယဘုရားအကြောင်းကို လူမှုကွန်ရက် စာမျက်နှာတွင် Post တင်ရေးသားခြင်းနှင့် စာတိုများ ဆန့်ကျင်ရေးသားခြင်းကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အသက် ၅၀ ကျော်အရွယ် ဦးစည်သူသည် ဗမာလူမျိုးတစ်ဦးဖြစ်ပြီး မာန်အောင်မြို့တွင် အိမ်ထောင်ကျနေသူဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် နံနက် ၉ နာရီကျော်တွင် မာန်အောင်အခြေစိုက် ရဲတပ်ဖွဲ့ဝင်များသည် ဦးစည်သူ၏နေအိမ်သို့သွားရောက်ပြီး ဖမ်းဆီးကာ စခန်းတွင် ၈ လကြာဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၁၈ ရက်၊ နံနက် ၁၁ နာရီကျော် အချိန်တွင်လည်း ရက္ခိုင်အမျိုးသမီးများအရေးတက်ကြွလှုပ်ရှားသူ ဒေါ်ညိုအေးကို စစ်တွေ ဆန်ပြဿနာနေ့အထိမ်းအမှတ်တက်ရောက်၍ ပုဒ်မ ၅၀၅ ( ခ) ဖြင့် ငြိစွန်းသည်ဟုဆိုကာ စစ်တွေမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်။
ဒေါ်ညိုအေးမှာ ရက္ခိုင်အမျိုးသမီးများ လူ့အခွင့်အရေး၊ တန်းတူရေး၊ တရားမျှတရေးများအတွက် ဦးဆောင်ဦးရွက် ရှေးတန်းမှ ဆောင်ရွက်နေသူ တစ်ဦးဖြစ်သည်။
လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူများကို ပုဒ်မအမျိုးအမျိုးတပ်ပြီး မတရားဖမ်းဆီးထောင်ချခြင်း၊ သတင်းသမားများကို လိုက်လံဖမ်းဆီးခြင်းများနှင့် ဖုန်းလိုင်း အင်တာနက်လိုင်းများဖြတ်တောက်ကာ ပြည်သူများအား သတင်းအမှောင်ချရန် ကြိုးစားလျက်ရှိသည်။
Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL