AB News-ဟိန်းထွန်း
အောက်တိုဘာ ၁၉ ရက်
ရခိုင်ပြည်၊ ပေါက်တောမြို့နယ် နဂွေကျေးရွာတွင် အမျိုးသားတစ်ဦးသည် ၎င်း၏လယ်ကွင်းသို့ မြေဆီသွားကြဲရာ၌ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသွားသူမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ သီးဖြူချောင်းရွာမှ အဖ ဦးအောင်ကျော်စိန်၏သား အသက် ၅၃ နှစ်အရွယ် ဦးကန်ထွန်းမောင်ဖြစ်ပြီး ပေါက်တောမြို့နယ် နဂွေရွာတွင် အိမ်ထောင်ကျနေသူတစ်ဦးဖြစ်သည်ဟု သိရသည်။
၎င်းသည် ယနေ့မနက်ပိုင်း ၇ နာရီကျော်က လယ်ကွင်းသို့ထွက်သွားပြီး မြေဆီကြဲနေရာတွင် သေဆုံးသွားခဲ့ကြောင်း ရွာခံသားတစ်ဦးက ၎င်းကိုလာပြော၍ သိရသည်ဟု ဇနီးဖြစ်သူ ဒေါ်လှဝင်းကြည်က AB News သို့ အတည်ပြုပြောသည်။
” ၇ နာရီကျော်လောက်က မြေဆီဲကြဲဖို့ထွက်သွားပါတယ်၊ ၁၁ နာရီလောက်မှ လူတွေကကန်စင်းဘောင်မှာလဲပြီး သေဆုံးနေတာတွေ့တယ်လို့ ကျမကိုလာပြောပါတယ်၊ ကျမလည်းပြေးပြီးသွားတော့ ကျမလင် သေဆုံးနေတာကို တွေ့ပါတယ်” ဟု ဆိုသည်။
၎င်းမှာ သွေးတိုးရောဂါရှိပြီး စစ်တွေဆေးရုံသို့လည်း မကြာခဏဆေးခန်းသွားပြနေရသည့်အတွက် သွေးတိုးရောဂါဖြင့်သေဆုံးသွားခဲ့ကြောင်း ဇနီးဖြစ်သူပြောပြချက်အရ သိရသည်။
၎င်းအား တစ်ရွာတည်းနေ ငပြူးချေ၏လယ်ကွင်းရှိ မြေဆီအိတ်ပေါ်တွင် ခေါင်းအုံးပြီး သေဆုံးလျက်တွေ့ခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ ဇနီးဖြစ်သူ အသက် ၅၀ အရွယ်ဒေါ်လှဝင်းကြည်မှာ အသက် ၂၃ နှစ်အရွယ် သီတာဦး နှင့် အသက် ၂၂အရွယ် သီတာဝင်း သမီး ၂ ဦးရှိကြောင်း သိရသည်။
လက်ရှိတွင် ခင်ပွန်းဖြစ်သူ သေဆုံးသွားသည့်အတွက်ကြောင့် ဖြစ်ထွန်းစပြုနေသည့် စပါးပင်များကို ရိတ်သိမ်းရန် အခက်အခဲဖြစ်သွားပြီဟုဇနီးက ဆက်၍ပြောသည်။
“ကျမလင်သေဆုံးသွားတော့ စပါးပင်တွေကိုရိတ်သိမ်းဖို့အခက်အခဲဖြစ်သွားပါပြီ၊ ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ဘူး” ဟုဆိုသည်။
သေဆုံးသူ၏အလောင်းကို မနက်ဖြန် နဂွေရွာ၏ သုဿာန်တွင် သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။