AB News – သြဂုတ် ၂၉၊ ၂၀၂၄
ရက္ခိုင်ပြည်၊ အနောက်ဘက်နယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့ကို စစ်ကောင်စီက လက်လွှတ်ဆုံးရှူံးရနိုင်ခြေ များနေပြီဖြစ်သည့်အတွက် ဂျက်ဖိုက်တာ၊ Y 12 တို့ဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
ယနေ့သြဂုတ်လ ၂၉ ရက် နေ့လည် ၂ နာရီကျော်တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာ ၁ စင်းသည် မောင်တောမြို့ကို ဗုံး ၁၀ လုံးထက်မနည်း ကြဲချခဲ့သည်။
အဆိုပါ ဂျက်ဖိုက်တာသည် ၁ မိနစ်တစ်ကြိမ်စီလှည့်ပတ်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သည်ကို AB News သတင်းထောက်များတွေ့ရှိခဲ့ရသည်။
အလားတူ ညနေ ၄ နာရီ ၁ မိနစ်ခန့်အချိန်တွင် စစ်ကောင်စီ၏ Y 12 ဗုံးကြဲလေယာဥ်သည် မောင်တောမြို့ကို ဗုံး ၂ လုံးကြဲချခဲ့သည်။
၄ နာရီ ၃၀ မိနစ်တွင် ဂျက်ဖိုက်တာ ထပ်မံပျံဝဲလာပြီး မောင်တောမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယနေ့ ဗုံးကြဲတိုက်ခိုက်လာသည့် ဂျက်ဖိုက်တာမှာ အသံကျယ်လောင်စွာ ထွက်ပေါ်သည်ကိုကြားရပြီး လက်နက်ဆန်းများတပ်ဆင်ထားခြင်းဖြစ်နိုင်ကြောင်းယူဆရသည်။
ပြီးခဲ့သည့် သြဂုတ် ၂၂ ရက်နေ့ ညနေ ၃ နာရီကျော်တွင်လည်း စစ်ကောင်စီက မောင်တောမြို့ကို Jet Fighter ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
သြဂုတ်လ ၂၂ ရက်နေ့ မွန်းလွှဲ ၁ နာရီခန့်တွင် တောင်ကုတ်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် မီးချောင်းထိုးကျေးရွာ (ရွာသစ်)မှ မွေးကင်းစ ကလေးငယ်၏ မိခင် ၁ ဦး သေဆုံးသွားခဲ့ပြီး ရွာသား ၄ ဦး ဒဏ်ရာရသွားကြောင်း သိရသည်။
နခခ ၅ မှလွှဲ မောင်တောမြို့ကို အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက်ထားပြီးဖြစ်သော်လည်း ကစဥ့်ကလျားထွက်ပြေးနေသည့် စစ်ကောင်စီနှင့် အကြမ်းဖက် မူဆလင်လက်နက်ကိုင်များအား အာရက္ခတပ်တော်က လိုက်လံချေမှုန်းလျက်ရှိသည်။
လက်ရှိတွင် စစ်ကောင်စီသည် မောင်တောမြို့ လက်လွှတ်ရန်နီးလာပြီဖြစ်သည့်အတွက် ဂျက်ဖိုက်တာများဖြင့် နေ့စဥ်ရက်ဆက်ပစ်ခတ်လျက်ရှိသည်။
ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကို AB News ကဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး နောက်ဆက်တွဲ သတင်းများကိုတင်ပြသွားမည်ဖြစ်သည်။