Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
WFP ၏ ငွေ ထောက်ပံ့မှုအစား ဆန်ရိက္ခာ ပြောင်းလဲထောက်ပံ့ရန် ပေါက်တောရှိ မူဆလင်ဒုက္ခသည်စခန်းများ တောင်းဆို

ရခိုင်ပြည် ပေါက်တောမြို့နယ်ရှိ၊ မူဆလင် ဒုက္ခသည်စခန်း ၅ ခုတွင် WFP ၏ငွေ ထောက်ပံ့မှုအစား ဆန် ထောက်ပံ့ပေးစေလိုကြောင်း စခန်းတာဝန်ခံများအား ABN မှ ဒီဇင်ဘာလ ၁၅ ရက်နေ့က ဆက်သွယ်စဥ် တောင်းဆိုလိုက်ခြင်းဖြစ်သည်၊၊

ပေါက်တောမြို့နယ်ရှိ မူဆလင်ဒုက္ခသည်စခန်းများအား WFP မှ လစဥ် လူတစ်ဦးလျှင် ၂၂၀၀၀ ကျပ်စီ ပုံမှန် ထောက်ပံ့ပေးလျက်ရှိပြီး ထိုထောက်ပံ့ငွေများဖြင့် ဒုက္ခသည်များမှာ ဆန်ဝယ်စားသောက်ကြရခြင်းဖြစ်သည်။

သို့သော်လည်း ပေါက်တောမြို့နယ်တွင် ရခိုင်ရှိ တခြားမြို့နယ်များထက် ဆန်ဈေးမြင့်တက်မှုကြောင့် WFP မှထောက်ပံ့ငွေဖြင့် ၁ လတာ စားသောက်ရန် မလုံလောက်ကြောင်း ဒုက္ခသည်စခန်းတာဝန်ခံများက ပြောသည်။

ကျွန်တော်တို့နယ်က စပါးမထွက်တော့ တစ်ခြားမြို့နယ်တွေက စျေးပိုပေးပြီးတော့ ၀ယျယူရတယျ၊ WFP က ငွေပေးမယ့်အစား ဆန်တွေပေးစေချင်ပါတယ် ဟု ငှက်ချောင်း (၂) ဒုက္ခသည်စခန်းတာဝန်ခံဦးဘော်ချီရ် က ပြောသည်၊၊

ထို့အတူ ကြယ်နီပြင် ဒုက္ခသည်စခန်းမှ မူဆလင်များမှာလည်း WFP မှ လစဥ် တစ်ဦးလျှင် တရက်ကို ဆန် ၂ ဗူးစီဖြင့် ထောက်ပံ့သည့် ငွေ ၂၂၀၀၀ ကျပ်ဖြင့် ပေါက်တောဒေသတွင် ဆန်ဈေးကြီးမှုကြောင့် တလတာအတွက် မလုံလောက်ကြောင်း ပြောသည်။

ကျွန်တော်တို့မှာ အဆင်မပြေတာတွရှိတယ် ၊ WFP က လူတစ်ယောက်ချင်းစီကိုတစ်လကို ငွေ ၂၂၀၀၀ ကျပ်ပေးတယ်၊၊ ဆန်တစ်အိတ်ကို ၅၅၀၀၀ ခွဲလောက်ရှိနေတော့ ဆန်ပေးတာ ပိုကောင်းတယ် ကြယ်နီပြင် ဒုက္ခသည်စခန်းတာဝန်ခံ ဦးကျော်စောက ABN ကိုပြောသည်။

ထို့အတူ ဆင်တက်မော် ဒုက္ခသည်စခန်းမှ မူဆလင်ဒုက္ခသည်များမှာလည်း တခြား စခန်းများနည်းတူ ငွေသား မပေးဘဲ ငွေသားအစား ဆန်ရိက္ခာ တစ်ရက်လျှင် ၂ ဗူးစီဖြင့် ပေးစေလိုကြောင်း စခန်းတာဝန်ခံ ဦးဘာဘူကပြောသည်။

အရေးကြီးတာကတော့ ဆန်ပေါ့၊ WFP က နှစ်လပေါင်းပြီး ၄၄၀၀၀ ပေးတယ်၊ ဒါပေမယ့် ဆန်ပေးရင် ပိုကောင်းမှာပါ ဟုဆိုသည်။

ပေါက်တောမြို့နယ်ရှိ မူဆလင် ဒုက္ခသည်စခန်းများမှာ ပြီးခဲ့သည့် သြဂုတ်မှ နိုဝင်ဘာလအထိ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲကာလအတွင်း စစ်ကောင်စီမှ ကုန်းလမ်း ရေလမ်းသွားလာမှုများကို ပိတ်ထားခဲ့မှုများကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှု ဆေးဝါးပြတ်လပ်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း စခန်းတာဝန်ခံများ ပြောပြချက်အရ သိရသည်။

ပေါက်တောမြို့နယ်တွင် မူဆလင်ဒုက္ခသည် ကယ်ဆယ်ရေးစခန်း ၅ ခုရှိပြီး ၎င်းတို့မှာ ကြယ်နီပြင်ဒုက္ခသည်စခန်း ၊ အနောက်ရွဲ ဒုက္ခသည်စခန်း ၊ ဆင်တက်မော် ဒုက္ခသည်စခန်း ၊ ငှက်ချောင်း( ၁ ) ဒုက္ခသည်စခန်း နှင့် ငှက်ချောင်းဒုက္ခသည်စခန်း ( ၂ )တို့ဖြစ်ကြသည်။

ကြယ်နီပြင်ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု( ၁၅၄၃) ခု နှင့် လူဦးရေ( ၈၀၇၈) ဦး၊ ငှက်ချောင်း ၂ ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ( ၁၁၃၁ )ခု နှင့် လူဦးရေ ကျား (၂၇၅၆) မ ( ၂၆၉၂ ) စုစုပေါင်း ( ၅၄၄၈ )ဦး၊ ငှက်ချာင်း ၁ ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ( ၁၁၂၄ ) လူဦးရေ ကျား ( ၂၆၁၅ ) မ ( ၂၆၄၈ ) စုစုပေါင်းဦးရေ ( ၅၂၆၃ ) ဦး၊ အနောက်ရွဲဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ( ၁၁၇၇ ) လူဦးရေ ကျား ( ၂၅၅၁ ) မ ( ၂၆၄၅ ) စုစုပေါင်း (၅၁၉၆) ဦးနှင့် ဆင်တက်မော် ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ( ၈၁၉ ) ခု လူဦးရေ စုစုပေါင်း ( ၂၈၂၄ ) ဦးတို့ရှိကြသည်။

ရခိုင်တွင် မူဆလင် ဒုက္ခသည်အများစု ၎င်းတို့နေရပ်ကို ပြန်သွားကြပြီဖြစ်သော်လည်း စစ်တွေ၊ ကျောက်ဖြူနှင့် ပေါက်တောရှိ ဒုက္ခသည်စခန်းများမှ မူဆလင်များမှာ နေရပ်သို့ မပြန်နိုင်ကြသေးဘဲ စခန်းများတွင် ၁၂ နှစ်ခန့်မျှကြာသည်ထိ ဆက်လက် ရှိနေကြရဆဲဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ