Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
UNအပါအ၀င် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ အနေဖြင့် စစ်ဘေးရှောင်များအား လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးနိုင်ရန် ရက္ခိုင့်တပ်တော်မှ ကူညီသွားမည်ဟုဆို

ရခိုင်ပြည်တွင်း စစ်ဘေးရှောင်ဒုက္ခသည်များအား ကုလသမဂ္ဂအဖွဲ့အစည်းများအပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများ ၊INGO၊ NGOများနှင့် ပုဂ္ဂလိကအလှူရှင်များအနေဖြင့် စစ်ကောင်စီတပ်က ကန့်သတ်ထားသော မြို့နယ်များသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးနိုင်ရန် သွားလာရ ခက်ခဲနေပါက ရက္ခိုင့်တပ်တော်မှ ကူညီသွားမည်ဖြစ်ကြောင်း ယနေ့ ပြုလုပ်သည့် ၆ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

“UNအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ NGO, INGOနှင့်တခြားပုဂ္ဂလိကဖြစ်စေ အရပ်ဖက်အဖွဲ့အစည်းအလိုက်ဖြစ်စေ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းဖြစ်စေ အလေးအနက်ထားဖိတ်ခေါ်ပါတယ်။ တကယ်လို့ သွားရလာရခက်ခဲ့တဲ့နေရာတွေ ခရီးသွားလာခွင့် ပိတ်ဆို့ထားတဲ့နေရာတွေနှင့် တခြားအကြောင်းအရာတွေကြောင့် ကိုယ်တိုင်လာရောက်ဖို့ အခက်အခဲရှိရင် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ကျွန်တော်တို့ ရက္ခိုင်ပြည်သူ့အစိုးရကတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်” ဟုပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခမှ ပြောကြားခဲ့သည်။

လက်ရှိတွင် မြို့နယ် ၈ မြို့နယ်တွင် UN အပါအဝင် အဖွဲ့အစည်းများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ မပေးရဟု စစ်ကောင်စီမှ တားမြစ်ထားသဖြင့် စစ်ဘေးရှောင် ဒုက္ခသည်များမှာ ရိက္ခာပြတ်လပ်မှု၊ ဆေးဝါးပြတ်လပ်မှု၊ အနွေးအထည်များ အရေးတကြီးလိုအပ်လျက်ရှိသည်။

“ဆောင်းတွင်းကာလဖြစ်လို့ စစ်ဘေးရှောင်ပြည်သူတွေ အမိုးအကာအောက်ရောက်နိုင်ဖို့နဲ့ စားနပ်ရိက္ခာ ဆေးဝါနှင့် အနွေးးထည်များ လုံလုံလောက်လောက်ရရှိဖို့အထူးအရေးတကြီးလိုအပ်နေတယ်။ လက်ရှိစစ်ဘေးရှောင်တွေဟာ အစားဆင်းရဲ ၊အနေဆင်းရဲနဲ့ အလွန်တရာ ခက်ခက်ခဲခဲရပ်တည်နေကြရတယ်” ဟု ဦးခိုင်သုခကပြောဆိုသည်။

ရခိုင်ပြည်တွင် တကျော့ပြန်တိုက်ပွဲများအတွင်း စက်တင်ဘာလ ၁၅ ရက်နေ့မှစကာ စစ်ဘေးရှောင်ဒုက္ခသည်များအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ မပေးရဟု ကန့်သတ်ထားသည့် မြို့နယ်များမှာ မင်းပြား ၊ မြောက်ဦး ၊ ကျောက်တော် ၊ ပုဏ္ဏားကျွန်း ၊ ရသေ့တောင် ၊ဘူးသီးတောင် ၊မောင်တော နှင့် ပေါက်တော မြို့နယ်များဖြစ်ကြသည်။

ရခိုင်ပြည်တွင်း စစ်ဘေးရှောင်များမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အရေးပေါ်မရရှိပါက အငတ်ဘေးနဲ့ ရင်ဆိုင်ရဖွယ်ရှိကြောင်းလည်း ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရခိုင်ပြည်တွင် လတ်တလောတကျော့ပြန် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ရသည့် အပြစ်မဲ့ ပြည်သူများနှင့် ယခင်က ရှိနေသည့် စစ်ဘေးရှောင်များ စုစုပေါင်း အရေအတွက် ၁ သိန်းကျော်ခန့်ရှိနေကြောင်း ဦးခိုင်သုခက ပြောကြားခဲ့သည်။

ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့ကြား နိုဝင်ဘာ ၂၆ ရက်နေ့က နှစ်ဖက်နားလည်မှုဖြင့် ယာယီပစ်ခတ်မှုရပ်တန့်ခဲ့ကြသော်လည်း ယနေ့နိုဝင်ဘာ ၂၇ရက်နေ့ အထိ စစ်တွေ-ပုဏ္ဏားကျွန်း အဝေးပြေးကားလမ်းမကိုမူ စစ်ကောင်စီမှ မဖွင့်ပေးသေးကြောင်း စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ