Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ALP အဖွဲ့ စစ်တွေ စက်ရုံစု အကွက် ၂ ထဲသို့ဝင်ရောက်ပြီး သေနတ်ပစ်ဖောက် ခြိမ်းခြောက်ကာ ရွာသားများကိုဖမ်းဆီး၊ ရွာသားအချို့ ထွက်ပြေးနေရ

ALP အဖွဲ့ စစ်တွေ စက်ရုံစု အကွက် ၂ ထဲသို့ဝင်ရောက်ပြီး သေနတ်ပစ်ဖောက် ခြိမ်းခြောက်ကာ ရွာသားများကိုဖမ်းဆီး၊ ရွာသားအချို့ ထွက်ပြေးနေရ

ABN-ရှိုင်းမိုး

ဇွန် ၂၉ရက်

ရခိုင်ပြည် စစ်တွေ စက်ရုံစု အကွက် ၂ ထဲသို့ ဇွန်လ ၂၇ရက်နေ့ ညပိုင်းက ALPအဖွဲ့ဝင်များ ဝင်ရောက်ပြီး သေနတ်ပစ်ဖောက် ခြိမ်းခြောက်ကာ ရွာသားများကိုဖမ်းဆီးသွားသည်ဟုသိရသည်။

ALP တပ်ဖွဲ့ဝင် ၂၀ ခန့်သည် ၎င်းတို့၏ ဘတ်တံဆိပ်ပါ ယူနီဖောင်းများ ဝတ်ထားပြီး ရပ်ကွက်ထဲမှ ရွာသားအချို့ကို ဖမ်းဆီးသွားကြောင်းနှင့် အချို့မှာ ရှောင်တိမ်းနေရကြောင်း အမည်မဖော်လူသူ ၁ ဦးက ABN သို့ပြောသည်။

“ဇွန်လ ၂၇ရက်နေ့က သေနတ်ပစ်ပြီးဝင်ကြပါတယ်၊ လူတွေတော့ အထိအခိုက်မရှိပါဘူး၊ ဒါပေမယ့်ရွာသားတွေကတော့ အခုထိ ကြောက်နေကြပါတယ်၊ သူတို့က နေ့တိုင်းဝင်ပြီးခြိမ်ခြောက်နေကြတာပါ၊ သူတို့မှာ ဓားတွေလည်းပါတယ်၊ လူပေါင်း ၂၀ လောက်ပါတယ်၊ ရပ်ကွက်ကလူတွေကိုလိုက်ဖမ်းပါတယ်၊ ကျွန်တော်လည်းအခုသူတို့ဖမ်းလို့ထွက်ပြေးနေရပါတယ်၊ အဖမ်းခံရတဲ့သူတွေလည်းရှိပါတယ်” ဟု လက်ရှိထွက်ပြေးနေရသူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှာ စက်ရုံစုရပ်ကွက်တွင် မုန်တိုင်းသင့်ပြည်သူများအတွက် အလှူရှင်များမှ ထောက်ပံ့လှူဒါန်းထားသည်များကို ALP တပ်ဖွဲ့ဝင်များမှ မပေးရဟုတားမြစ်ခဲ့ပြီး အကယ်၍ အလှူငွေ ပေးချင်ပါက ALP အဖွဲ့အစည်းမှ ခွင့်ပြုချက်တောင်းရမည်ဟု ပြောကြောင်း ပြောသည်။

“ကျွန်နော်တို့က မုန်တိုင်းသင့်ပြည်သူတွေကို အလှူငွေနဲ့ ပစ္စည်းတွေပေးကြတာပါ၊ အဲဒါကို ALP အဖွဲ့က လာပြီးဟန့်ကြပါတယ်၊ လုပ်ချင်ရင် သူတို့ဆီကခွင့်ပြုချက်တောင်းဟုပြောခဲ့ပါတယ်၊ ခွင့်ပြုချက်မရဘဲ ဘာလို့လုပ်တာလဲဆိုပြီး ALP ကပြောခဲ့ပါသေးတယ်” ဟု ရပ်ကွက်သားတစ်ဦးက ပြောသည်။

ထို့အပြင် ကယ်ဆယ်ရေးထောက်ပံ့ရရှိ ငွေများကိုလည်း ALP သို့ခွဲပေးရမည်ဟု ALP အဖွဲ့က ပြောခဲ့ကြောင်း သိရသည်။

“အလှူရှင်တွေ လှူထားတဲ့ပစ္စည်းတွေကို သူတို့ဆီကိုလည်း ခွဲပေးရမယ်လို့ပြောပါတယ်၊ ဒါကြောင့် ကျ​ေနာ်နှင့် စကားများခဲ့ကြပါတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေရသူက ပြောသည်။

ပြီးခဲ့သည့်နှစ်က စစ်တွေတွင် လွတ်လပ်ရေးနေ့က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ALP စစ်ဦးစီးချုပ်အပါအဝင် ၂ ဦး စက်ရုံစု ရပ်ကွက်က လူတွေနဲ့ပတ်သက်နေသည်ဟု ALPက စွပ်စွဲထားသည်ဟုသိရသည်။

“သူတို့မှာ လွတ်လပ်ရေးနေ့က ၂ယောက်ပစ်သတ်ခံရတာဟာ ကျွန်နော်တို့နှင့်ပတ်သက်နေတဲ့လို့ ALP က ပြောပါတယ်၊ ဒါကြောင့် ကျွန်နော်တို့ စက်ရုံစုရပ်ကွက်ကို အမှုရှာနေတာပါ” ဟု၎င်းကဆိုသည်။

ဇွန်လ ၁၄ရက်နေ့ကလည်း စက်ရုံစုအကွက် ၂မှ ကိုကျော်စိုးနှင့် ကိုကျော်နိုင်စိုး တို့ကို ALP တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း သိရသည်။

စစ်တွေတွင် ရှိသည့် ALP တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး စစ်တွေတွင် လူဖမ်းခြင်း၊ ရမ်းကားခြင်း၊ ခိုက်ရန်ပြုခြင်းနှင့် မတရား တောင်းရမ်းခြင်းများကို မကြာခဏ ပြုလုပ်နေသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ