Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ALP မှ ပေါက်တောမြို့နယ် ကံပြင်ရွာက ရွာလူကြီး ၁ ဦးကို သိန်း ၇၀၀ နှင့်ပြန်ပေးဆွဲ

ALP မှ ပေါက်တောမြို့နယ် ကံပြင်ရွာက ရွာလူကြီး ၁ ဦးကို သိန်း ၇၀၀ နှင့်ပြန်ပေးဆွဲ

ABN-ကိုဟိန်းထွန်း

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ALP အဖွဲ့ဝင် ၈ ဦးက ပေါက်တောမြို့နယ် ကံပြင်ရွာမှ ရွာလူကြီး ၁ ဦး ဖြစ်သည့် ဦးမောင်ညီးကို သိန်း ၇၀၀ ဖြင့် ပြန်ပေးဆွဲခဲ့ရာ ယမန်နေ့က သိန်း ၃၅၀ ဖြင့် ပြန်လည် ထုတ်ယူလာနိုင်ခဲ့ကြောင်းသိရသည်။

ကံပြင်ရွာမှ ရွာလူကြီးမှာ ဧပြီလ ၁၈ ရက်နေ့က စစ်တွေမြို့ရှိ ဆတ်ရိုးကျ ကယ်ဆယ်ရေးအကွက် ၂သို့ အလည်သွားခဲ့ပြီး အပြန် လက်ဖက်ရည်ဆိုင်တွင်ထိုင်နေစဥ် ALP တပ်ဖွဲ့ဝင် ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပြီး၊ ၆ ဦးမှာ ကားအစိမ်းဖြင့် သေနတ် ၆ ချက် ပစ်ဖောက်၍ ဖမ်းဆီးသွားခဲ့ကြောင်း ကံပြင်ရွာသားတစ်ဦးက ပြောသည်။

“ဖမ်းဆီးတာတော့ ၅ ရက်လောက်ရှိပါပြီ၊ သူရဲ့ဆွေမျိုးတစ်ယောက် နေမကောင်းလို့ဆေးရုံဝင်နေရတယ်၊ အဲဒါကိုသွားကြည့်တာ ကယ်ဆယ်ရေးစခန်းသို့ အလည်သွားပြီး အပြန်လက်ဖက်ရည်ဆိုင်မှာခဏထိုင်တယ်၊ ALP တပ်ဖွဲ့ဝင်တွေက ကား၊ ဆိုင်ကယ်တွေနဲ့လာလို့ဖမ်းတယ်၊ သူတို့ရုံးကိုဝင်သွားတဲ့ခါ “ဟေး ဗျူဟာမှူးတစ်ကောင်ရလာတယ်၊ အကောင်ကြီးတစ်ကောင်ရလာတယ်” လို့ ဝမ်းသာအားရနဲ့ ပြောတယ်” ဟု ဆွေမျိုးတော်စပ်သူ ကံပြင်ရွာသား တစ်ဦးက ABN သို့ပြောသည်။

ထို့အပြင် ALP အဖွဲ့ဝင်များသည် ၎င်းထံမှ သိန်း ၇၀၀ တောင်းခဲ့သော်လည်း ညှိနှိုင်းမှုဆကြာင့် သိမ်း ၃၅၀ ဖြင့် ရွာလူကြီး ဦးမောင်ညီးကို ထုတ်ယူနိုင်ခဲ့သည်ဟု ဆက်၍ ပြောသည်။

“သိန်း ၇၀၀ တောင်းပါတယ်၊ ပြီးတော့ ၅၀၀ ဖြစ်သွားတယ်၊ ကျနော်တို့က သိန်း ၁၅၀ ပေးမယ်လို့ပြောတောင်မရဘူး၊ သူကလည်း ကျန်းမာရေးမကောင်းတဲ့အတွက်ကြောင့် သိန်း ၃၅၀ နဲ့ အမြန်ဆုံးထုတ်ယူခဲ့ရပါတယ် “ဟု ဆိုသည်။

ပြန်ပေးဆွဲခံထားရစဥ်အတွင်း ရွာလူကြီး ဦးမောင်ညီးကို လက်ကိုနောက်ပြန်ကြိုးတုတ်ပြီး ထိပ်တုံးခတ်ထားကာ ထမင်းကိုလည်း ဝ, အောင်မကျွေးကြောင်း သိရသည်။

စစ်တွေမြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့က ALP စစ်ဦးစီးချုပ်နှင့်အတူ အသတ်ခံခဲ့ရသည့် ALP တပ်ဖွဲ့ဝင် ခိုင်သူရိန်သည် ပေါက်တောမြို့နယ် ကံပြင်ရွာတွင် ရှိနေစဥ် AA အတွက်ဟုဆိုကာ ထောက်ပံ့ငွေများကောက်ခံပြီး ALP ကို ပေးသည်ကို ရွာသားများက သိသွားသဖြင့် ခိုင်သူရိန်အား ရွာမှ နှင်ထုတ်ပြီး ၎င်း၏ နေအိမ်ကိုလည်း ဖျက်ဆီးခဲ့ကြကြောင်း ပြောသည်။

“၂၀၁၉ ခုနှစ်လောက်ကပါ၊ ALP ကလူတွေ ရွာမှာနေခဲ့ပါတယ်၊ အဲ့ဒီအချိန်က အမျိုးသားရေးအတွက် ရပ်ရွာရဲ့ ရန်ပုံငွေတွေကို ကျော်စိုးမင်း (ခေါ်) ခိုင်သူရိန်က ကောက်ပြီးတော့ AA ကိုပေးမယ်ဆိုပြီး ALP ပေးပါတယ်၊ ကံပြင်ဆရာတော်က သိတော့ သူတို့ကိုမပေးရဘူးလို့ပြောတယ်၊ သူတို့က လုံးဝ မကျေနပ်ကြပါ၊ ဆရာတော်ကိုလည်း ဂုဏ်သိက္ခာ ပျက်ပြားစေအောင်အတုလုပ်ပြီးတော့ အဝတ်ဗလာမော်ဒယ် မင်းသမီးတွေနဲ့ ပူးတွဲပြီးတင်တယ်။ ရွာသားတွေက သူတို့ကို နှင်ထုတ်ပြီး အိမ်ကို ဖြိုပစ်လိုက်တယ်” ဟု ဆိုသည်။

ALP တပ်ဖွဲ့ဝင် ခိုင်သူရိန်၏ နေအိမ်ကို ရွာသားများကို ဖြိုစဥ် ရွှေထည်ပစ္စည်းများ ပျောက်သွားသည်ဟုဆိုကာ ခိုင်သူရိန်၏ မိဘများက ALP ရုံးသို့ တိုင်တန်းမှုများ ရှိခဲ့သည်ဟုလည်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ