Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AA သိမ်းပိုက်မြို့နယ်များတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ဆက်ရှိနေ၍ စစ်ဘေးရှောင်များ နေရပ်ပြန်ရေး အခက်တွေ့နေ

AA သိမ်းပိုက်မြို့နယ်များတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ဆက်ရှိနေ၍ စစ်ဘေးရှောင်များ နေရပ်ပြန်ရေး အခက်တွေ့နေ

AB News – မတ်လ ၁၄၊ ၂၀၂၄

ရက္ခိုင်တွင် မြို့နယ် ၇ ခုအား ရက္ခိုင့်တပ်တော်က အပြီးပိုင် တိုက်ခိုက် သိမ်းပိုက်ထားပြီးဖြစ်သော်လည်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု ဆက်လက်ရှိနေသေးသောကြောင့် ထိုမြို့နယ်များမှ စစ်ဘေးရှောင်နေကြရသည့် ပြည်သူများမှာ နေရပ်ပြန်ရေး အခက်တွေ့နေကြရဆဲ ဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့ စစ်ရှုံးပြီး လက်လွှတ်ခဲ့ရသည့် မြို့နယ်များအား နေ့စဥ်နီးပါး စစ်ဖက်သုံး တိုက်ခိုက်ရေးရဟတ်ယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိရာ ဒေသခံများမှာလည်း ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုများ မြင့်တက်လျက်ရှိသည်ကို တွေ့ရသည်။

မတ်လ ၁၂ ရက်နေ့က ရမ်းဗြဲမြို့နယ်ရှိ ကျေးရွာအချို့အား စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သောကြောင့် အပစ်မဲ့ ပြည်သူ ၁ ဦးသေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရရှိခဲ့ကာ၊ နွား ၁ ကောင်းလည်း သေဆုံးခဲ့ပြီး လူနေအိမ်များစွာ ဗုံးထိမှန် ပျက်စီးသွားခဲ့သည်ကို တွေ့ရသည်။

စစ်ကောင်စီက စစ်ရှုံးထားသည့် ဒေသများသို့ လေကြောင်း တိုက်ခိုက်မှု ဆက်လက်ပြုလုပ်နေသောကြောင့် စစ်ရှောင် ပြည်သူများမှာ အသက်အန္တရာယ်လုံခြုံမှုမရှိသေး၍ နေရပ်မပြန်ဝံ့သေးဟု ရမ်းဗြဲ မြို့ခံတစ်ဦးက AB News သို့ ပြောသည်။

“ကျမတို့ ရမ်းဗြဲမှာ တိုက်ပွဲက ပြီးသွားပြီလို့ ကြားပါတယ်။ ကျမတို့ ဒီမှာ ဆက်ပြီးတော့ နေဖို့ဆိုတာကလည်း မလွယ်ဘူး၊ ဆေးကမရှိ၊ စားဖို့က မလောက်ငှနဲ့ ဘယ်လိုမှ အဆင်မပြေပါဘူး။ ဟိုနေ့ကလည်း လေယာဥ်နဲ့ ဗုံးလာကြဲတယ်၊ ဒီလိုဆိုတော့ ပြန်ရင် သေသွားနိုင်တဲ့ အခြေအနေပါ” ဟု ဆိုသည်။

ထို့အပြင် မတ်လ ၁၁ ရက်နေ့တွင် ရမ်းဗြဲမြို့အား ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားပြီး ဖြစ်သော်လည်း နေအိမ်သို့ စောလျင်စွာ မပြန်ကြရန် ရက္ခိုင့်တပ်တော်က ထုတ်ပြန် သတိပေးထားသည်။

“ရမ်းဗြဲမြိုဒေသခံတို့ကို ပန်ကြားလိုသည်မှာ မိမိအိမ်များသို့ ချက်ချင်းဝင်ရောက်မှုကို စောလျင်စွာ မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါသည်။ သုံးလနီးပါးတိုက်ပွဲအပြင် စစ်ကောင်စီမှ ထောင်ထားသော စွန့်လွှတ်မိုင်း၊ နင်းမိုင်း၊ တိုက်မိုင်းအန္တရာယ်ကင်းစေရေးအတွက် မိုင်းရှင်းလင်းရေး အစီအစဉ်ကို ပြုလုပ်ရမည်ဖြစ်သောကြောင့် ယခုကဲ့သို မေတ္တာရပ်ခံပန်ကြားရခြင်းဖြစ်ပါသည်။” ဟု မတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော်သည် ရက္ခိုင်ပြည်တွင်း ၁၀၂၇ စစ်ဆင်ရေး ၄ လတာ ကာလအတွင်း ကျောက်တော်၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် ရမ်းဗြဲ မြို့နယ်များဖြစ်သည့် ၇ မြို့နယ်ကို အလုံးစုံသိမ်းပိုက်ထားပြီးဖြစ်ကာ ပြည်သူများအား ပြန်လည် လက်ခံ နေရာချထားရေးအတွက် စစ်ကြွင်း စစ်ကျန် မိုင်းများကိုရှင်းလင်းခြင်း၊ မြို့သန့်ရှင်းရေး၊ လမ်း၊ တံတားများကို ပြုပြင်ခြင်းများကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း ရက္ခိုင့်တပ်တော် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ၈ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညဥ့် ၁ နာရီ ၂၅ မိနစ်ကလည်း စစ်ကောင်စီအဖွဲ့က မင်းပြားမြို့နယ် သေကံရွာသို့ ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၃၀ ဦးထက်မနည်း ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပါအဝင် နေအိမ် ၂၀ ကျော်ပျက်စီးသွားခဲ့သည်။

ထို့အပြင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် မင်းပြားမြို့နယ်ရှိ မင်းဖူးအရပ်ဘက်ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့က လေကြောင်းအသုံးပြု လာရောက်ဗုံးကြဲတိုက်ခဲ့သောကြောင့် ဆေးရုံဝန်ထမ်းအချို့နှင့် ဆေးကုသမှုခံယူနေရသည့် စစ်ကောင်စီသုံ့ပန်းများနှင့် သုံ့ပန်းမိသားစုများ ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း AA က ထုတ်ပြန်ခဲ့သည်။

အလားတူ မတ်လ ၅ ရက်နေ့ ၁၂ နာရီ ၅ မိနစ်တွင် မကွေးဖက်မှ ရက္ခိုင်သို့တက်လာသည့် စစ်ကောင်စီ၏ ဂျက်ဖိုက်တာ ၁ စီးသည် ကျောက်တော်မြို့သို့ ဗုံးကြဲချခဲ့ရာ မြို့ခံတစ်ဦး အသေးစားဒဏ်ရာရှိခဲ့ပြီး လျှပ်စစ်ဓာတ်အားပေးရုံပျက်စီးခဲ့ရသည်။

ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် ပြည်သူများမှာ အိမ်ပြန်ချင်နေသော်လည်း စစ်ကောင်စီ၏ လေကြောင်းမှတိုက်ခိုက်မှုကိုစိုးရိမ်သောကြောင့် နေအိမ်များသို့ မပြန်နိုင်ကြဘဲ မသေချာမရေရာသော အခြေအနေတွင် ရှိနေကြောင်း ကျောက်တော်မြို့ခံ တစ်ဦးက AB News သို့ပြောသည်။

“ကျနော်တို့ကတော့ အိမ်ပြန်ချင်ပါတယ်။ အခုကရွာတွေမှာ ပုန်းဝှက်ပြီးနေနေရတာ။ ပြန်သွားရင်လည်း စစ်ကောင်စီက လေကြောင်းကနေပြီး ပစ်ခတ်နေတာ၊၊ အိမ်တွေလည်း ပျက်စီးသွားပြီ ” ဟု ဆိုသည်။

စစ်ဘေးတိမ်းရှောင်နေကြရသည့် ပြည်သူများမှာ စားနပ်ရိက္ခာအခက်အခဲ၊ ရေသန့် နှင့် ဆေးဝါး စသည့်အခြေခံ လိုအပ်ချက်များ ရရှိရန် အခက်အခဲရှိနေကြောင်း ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူများအသုံးပြုသွားလာနေသည့် လမ်းတံတားများကိုမိုင်းခွဲဖျက်ဆီးခြင်း၊ ကုန်းလမ်း၊ ‌ရေလမ်းများကိုပိတ်ဆို့ထားခြင်းများ‌ကြောင့် ရက္ခိုင်ရှိမြို့နယ်အများပြားသို့ ကုန်စည်စီးဆင်းမှုများရပ်တန့်လျက်ရှိနေသည်၊၊

ရက္ခိုင့်တပ်တော်သည် မတ်လ ၄ ရက်နေ့က ပုဏ္ဏားကျွန်းမြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီး‌နောက် အကြမ်းဖက်စစ်ကောင်စီအဖွဲ့က မတ်လ ၈ ရက်နေ့တွင် စစ်တွေအခြေစိုက်တပ်ရင်းများမှလက်နက်ကြီးများဖြင့် ပုဏ္ဏားကျွန်းမြို့ကို တရစပ်ပစ်ခတ်ခဲ့သည့်အတွက် မြို့နယ် သံဃ့ာမဟာနာယက မြို့မဘုန်းကြီးကျောင်းအပါအ၀င် အိမ်ခြေအများအပြားပျက်စီးခဲ့ရ‌ကြောင်း ပုဏ္ဏားကျွန်းလူငယ်များ အစည်းအရုံး ရုပ်သံဖိုင်မှတ်တမ်းအရသိရသည်၊၊

ထို့အပြင်အကြမ်းဖက်စစ်ကောင်စီသည် မတ်လ ၁၃ ရက်နေ့တွင်လည်း ပုဏ္ဏားကျွန်းမြို့ ရှိဦးရာဇ်တောင်စေတီတော်မြတ်ကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ လက်နက်ကျည်ထိမှန်ကာ ပျက်စီးသွားခဲ့သည်။
အလားတူ မတ်လ ၁၂ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် တန်းစွယ်ရွာမှ စစ်ဘေးရှောင် ၄ဦးသည် ရွာပြန်လာချိန်တွင် လက်နက်ကြီးကျည်ထိမှန်ပြီး ၂ ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့ကြသည်။

အခြားတစ်ဖက်တွင်လည်း အကြောက်တရားနှင့် မသေချာမရေရာမှုများတွင် ရက္ခိုင့်တပ်တော်မှ စစ်ဘေးရှောင်များကို စုစည်းကာ ၎င်းတို့၏ နေရပ်နှင့် ရပ်ရွာများသို့ ပြန်လည်ခေါ်ဆောင်ရန် ကြိုးပမ်းလျက်ရှိသည်။ သို့သော်လည်း လုံလောက်သော လေကြောင်းရန် ကာကွယ်ရေး စနစ်များမရှိသည့်အတွက် ထိုသို့သော ပြန်လာရန် တောင်းဆိုမှုသည် အန္တရာယ်နှင့် ပြည့်နှက်နေကြောင်းတွေ့ရသည်။

စစ်ဘေးရှောင်နေကြရသည့် ပြည်သူများ နေရပ်ပြန်လာနိုင်ရေးအတွက် လေကြောင်းတိုက်ခိုက်မှုကာကွယ်ရေး စနစ်များ တပ်ဆင်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် ပြောခွင့်ရ ဦးခိုင်သုခက ၈ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သော်လည်း ယခုအချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။

မင်းပြားမြို့တွင် တိုက်ပွဲများမရှိသော်လည်း စစ်ကောင်စီသည် မင်းပြားမြို့အတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကို ပြုလုပ်ခဲ့သောကြောင့် အရပ်သားပြည်သူ (၂) ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိခဲ့ကြောင်း မတ်လ ၁၁ ရက်နေ့တွင် AAက ထုတ်ပြန်ခဲ့သည်။

AA က တိုက်ခိုက် သိမ်းပိုက်ထားသည့် ပလက်ဝဒေသရှိ ဒေသခံပြည်သူများအား ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းများ စတင်ဆောင်ရွက်ပေးနေပြီး အုပ်ချုပ်ရေးယန္တရားများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရက္ခိုင်စစ်ပွဲ တကျော့ပြန်ကာလအတွင်း စစ်ကောင်စီ၏ ကြည်း၊ရေ၊ လေ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့် ရက္ခိုင် စစ်ဘေးရှောင်အရပ်သားပြည်သူ ၃ သိန်းကျော်အထိရှိလာပြီဖြစ်သည်။

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ