Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AA နှင့်ဆက်စပ်သည်ဟုဆိုကာ ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် မြောက်ဦးဒေသခံ ၃ ဦးအမှု ထပ်မံရုံးချိန်း ရွှေ့ဆိုင်း

AA နှင့်ဆက်စပ်သည်ဟုဆိုကာ ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် မြောက်ဦးဒေသခံ ၃ ဦးအမှု ထပ်မံရုံးချိန်း ရွှေ့ဆိုင်း

ABN – ရာဟု

ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် မြောက်ဦးဒေသခံ ၃ ဦးအမှုကို မတ်လ ၁ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပြီး မတ်လ ၁၃ရက်နေ့သို့ ထပ်မံရုံးချိန်း ရွှေ့ဆိုင်းလိုက်ကြောင်း မိသားစုဝင်များ၏ ပြောဆိုချက်အရ သိရှိရသည်။

၂၀၂၂ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် ထို ၃ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကာ စရဖ တပ်ဖွဲ့မှ ဗိုလ်ကြီးကျော်ကျော်မင်းက တရားလိုပြုလုပ်ပြီး ‌မြောက်ဦးမြို့နယ်တရားရုံးတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နှင့် တရားစွဲဆိုခဲ့ပြီး ဇန်နဝါရီလ ၁၆ရက်နေ့တွင် နောက်ထပ်ပုဒ်မ ၁၇(၁)ဖြင့် ထပ်မံ တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

တရားစွဲဆို ခံထားရသူများမှာ မြောက်ဦးမြို့ ဗန္ဓုလရပ်ကွက်မှ ဦးကိုကိုညွန့်၊ ကျောက်ရစ်ကေရပ်ကွက်မှ ဦးကျော်ဝင်းလှိုင် နှင့် တိန်ညိုကျေးရွာမှ ဦးပြည့်စုံဝင်းတို့ဖြစ်ကြသည်။

ယမန်နေ့က ရုံးထုတ်ရာတွင် စစ်ဆေးခဲ့ခြင်းမရှိဘဲရုံချိန်းရက်ကိုသာ ရွှေ့ဆိုင်းလိုက်ပြီး အမှုမှာ ၈လကျော် ကြာမြင့်လာသဖြင့် အမှုမှန် အမြန်ဆုံးပေါ်ပေါက်စေလိုကြောင်း ကိုကိုညွန့်၏ ဖခင်က ပြောဆိုသည်။

“မနေ့က ကျနော့သားနှင့်တခြားသူတွေကို မစစ်ဆေးဘူး။ ရမန်ထပ်ယူတာလောက်ဘဲ ၁၃ရက်နေ့ကိုပြောင်းလိုက်တယ် ။ အမှုက ၈လကျော်ပြီ အမြန်အမှုမှန်ပေါ်စေချင်တယ်” ဟု ကိုကိုညွန့်ဖခင် ဦးကျော်ညွန့်က ABN ကို ပြောသည်။

အမှုမှာ ကြာမြင့်နေပြီဖြစ်ပြီး စဖရအဖွဲ့က စွပ်စွဲထားသလို သူမ၏ အမျိုးသားမှာ ရက္ခိုင့်တပ်တော်နှင့် ပတ်သက်ခြင်း မရှိဟု ကိုပြည့်စုံဝင်း၏ ဇနီးဖြစ်သူကပြောသည်။

“မနေ့က ရုံးချိန်းကို ၁၃ရက်နေ့သို့ ရွှေ့လိုက်တယ်။ သူတို့ စွပ်စွဲသလို ကျမယောက်ျားက AAနှင့် မပတ်သက်ပါဘူး ။ အမှုကကြာနေပြီ အမြန်ဆုံးဖြတ်စေချင်တယ်” ဟု ကိုပြည့်စုံဝင်း၏ဇနီး မလှဘုက ABNကို ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့က ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား အပစ်အခတ်ရပ်စဲရေးတွင် AA နှင့်ဆက်စပ်၍ ဖမ်းဆီးထားသူများအားလုံးကို ပြန်လည်လွှတ်ပေးရမည်ဟု ကတိကဝတ်ပါကြောင်း ရက္ခိုင့်တပ်တော် ပြောခွင့်ရ ဦးခိုင်သုခက ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အကယ်၍ စစ်ကောင်စီတပ်အနေဖြင့် အပစ်အခတ်ရပ်စဲရေး ကတိကဝတ်များကို မတည်ပါက ထပ်တိုး၍ အပစ်အခတ်ရပ်စဲရန် မဖြစ်နိုင်ကြောင်းလည်း ရက္ခိုင့်တပ်တော် ပြောခွင့်ရ ဦးခိုင်သုခက ပြောခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ