Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
“AA ကိုအားပေးထောက်ခံလား၊ စစ်တပ်ကိုထောက်ခံလား၊ ပြီးတော့ AA မှာစစ်မှုထမ်းမလား၊ ငါတို့ဆီမှာစစ်မှုထမ်းမလား” ဟု ရက္ခိုင်လေဆိပ်များတွင် စစ်ကောင်စီအဖွဲ့မေးခွန်းထုတ် ဖမ်းဆီးထား

"AA ကိုအားပေးထောက်ခံလား၊ စစ်တပ်ကိုထောက်ခံလား၊ ပြီးတော့ AA မှာစစ်မှုထမ်းမလား၊ ငါတို့ဆီမှာစစ်မှုထမ်းမလား" ဟု ရက္ခိုင်လေဆိပ်များတွင် စစ်ကောင်စီအဖွဲ့မေးခွန်းထုတ် ဖမ်းဆီးထား

AB News – ဖေဖော်ဝါရီ ၂၄ ၊ ၂၀၂၄

ရန်ကုန်တွင် စစ်ကောင်စီအဖွဲ့က လူငယ်များကိုလိုက်လံဖမ်းဆီးနေသည့်အတွက်ကြောင့် လေကြောင်းဖြင့် ရက္ခိုင်သို့ ပြန်လာသည့် လူငယ်များအား လေဆိပ်များတွင် “AA ကိုအားပေးထောက်ခံသလား၊ စစ်တပ်ကိုထောက်ခံသလားလို့မေးပါတယ်၊ ပြီးတော့ AA မှာစစ်မှုထမ်းမလား၊ ငါတို့ဆီမှာစစ်မှုထမ်းမလား” စစ်ကောင်စီအဖွဲ့ မေးခွန်းထုတ်ကာ ဖမ်းဆီးထားကြောင်း AB News မှ စုံစမ်း သိရှိရသည်။

ထိုသို့ စစ်ဆေးရာတွင် အမျိုးသားလူငယ်များအား တစ်ယောက်ချင်းစီ ခေါ်ယူ စစ်ဆေးပြီး၊ ၎င်းတို့ မသင်္ခါသည့် လူငယ်များကိုမူ ပြန်လည် လွှတ်ပေးခြင်းမရှိဘဲ ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ပြည်သူများကိုအစုလိုက်အပြုံလိုက်ဖမ်းဆီးမှု ပြုလုပ်လာခြင်းကြောင့် ရန်ကုန်နေ ရက္ခိုင်ပြည်သူအချို့မှာ နိုင်ငံခြားသို့ ထွက်ခွာသွားသူများ ရှိသလို ရက္ခိုင်ပြည်သို့ ပြန်ဝင်လာသူများလည်းရှိပြီး၊ ထိုသို့ ရန်ကုန်မှ ပြန်လာသူများကို လေဆိပ်များတွင် တင်းကျပ်စွာ စစ်ဆေးခြင်းများကို ပြုလုပ်လျက်ရှိသည်။

ရက္ခိုင်တွင် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှစကာ ကုန်းလမ်း၊ ရေလမ်းများကို စစ်ကောင်စီအဖွဲ့က ပိတ်ဆို့ထားခဲ့ပြီး လေကြောင်းတစ်ခုတည်းကိုသာ ဖွင့်ထားခဲ့သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က  ရန်ကုန်မှ ကျောက်ဖြူသို့​ လေယာဥ်​ဖြင့်စီးနင်းလိုက်ပါလာသော ရက္ခိုင်အမျိုးသားလူငယ်များနှင့် အမျိုးသမီးငယ်တို့မှာ လေဆိပ်ရောက်ချိန်တွင် စစ်ကောင်စီအဖွဲ့​က ၎င်းတို့အားစစ်ဆေးမေးမြန်းရန်ဟုဆိုကာ စစ်မှုထမ်းခိုင်းသည်ဟု ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“သူတို့က ရန်ကုန်မှာအခြေအနေမကောင်းလို့ ကျောက်ဖြူကိုပြန်လာကြတယ်၊ လေဆိပ်လည်းရောက်တော့ သူတို့တွေကို စကစတွေက စစ်ဆေးမေးမြန်းဖို့ဆိုပြီး ရုံးခန်းထဲကို ခေါ်သွားပါတယ်၊ AA ကိုအားပေးထောက်ခံလား၊ စစ်တပ်ကိုထောက်ခံလားလို့မေးပါတယ်၊ ပြီးတော့ AA မှာစစ်မှုထမ်းမလား၊ ငါတို့ဆီမှာစစ်မှုထမ်းမလားဆိုပြီး စစ်ဆေးမေးမြန်းခဲ့ပါတယ်” ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် စစ်ဆေးမေးမြန်းရာတွင် အမျိုးသမီးများထက် အမျိုးသားများကိုပို၍စစ်ဆေးမှုရှိပြီး မှတ်တမ်း Passport ဓာတ်ပုံများရိုက်ပြီး ၎င်းတို့၏ဖိုင်တွဲများတွင်သိမ်းဆည်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ရက်နေ့က ရန်ကုန်မှ ကျောက်ဖြူသို့ လေယာဥ်ဖြင့်စီးနင်းလိုက်ပါလာသည့် ခရီးသွားပြည်သူ ၆၄ ဦးကို  အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ကျောက်ဖြူလေဆိပ်တွင် စစ်ဆေးမှုများပြုလုပ်ကာ အများစုကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း စုံစမ်းသိရှိရသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း ရန်ကုန်မှ စစ်တွေသို့ လေကြောင်းဖြင့် ပြန်လာသည့် ပြည်သူ ၄၀ ဦးကိုလည်း ပြန်လည်လွှတ်ပေးခြင်းမရှိသေးဘဲ စကစအဖွဲ့က ဖမ်းဆီးထားသည်။

စကစအဖွဲ့သည် ကျောက်ဖြူ၊ စစ်တွေ၊ အမ်း လေဆိပ်တို့တွင် လူနေအဆောင်များဆောက်လုပ်ရန်စီစဥ်လျက်ရှိပြီး ဖမ်းဆီးခြင်းခံထားရသည့် ရက္ခိုင်လူငယ်များကို ထိုအဆောင်များတွင် ချုပ်နှောင်ထားကာ လူသားဒိုင်းကာအဖြစ်အသုံးပြုရန်ရှိသည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် ၎င်းတို့၏မိသားစုဝင်များ စိုးရိမ်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပြဌာန်းလိုက်ပြီးနောက် ရန်ကုန်၊ မန္တလေးမြို့များအပြင် ရက္ခိုင်ပြည်ရှိမြို့နယ်အချို့တွင်လည်း စစ်ကောင်စီက လူငယ်များကို ဖမ်းဆီးမှုများ စတင်လုပ်လာသည်ကိုတွေ့ရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ