Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AAနှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့နယ်မှ (LGBT) မောင်နှမ ၂ဦးကို စစ်ကောင်စီ ဖမ်းဆီး

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြိုနယ်တွင် အာရက္ခတပ်တော်(AA) ကို ရိက္ခာပို့သည်ဟု စွပ်စွဲချက်ဖြင့် ဧပြီလ ၁၉ ရက်နေ့ ည ၇ နာရီကျော်အချိန်တွင် LGBT (လိင်ခံယူမှုစိတ်ကွဲပြားသူ) မောင်နှမ ၂ဦးကို စစ်ကောင်စီအဖွဲ့က မတရား ဖမ်းဆီးခဲ့ကြောင်း ခိုင်လုံသည့်သတင်းရင်းများထံမှ သိရသည်။

“AA ကို ရိက္ခာပို့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားတာပါ။ ဖမ်းဆီးတာကတော့ ဧပြီလ ၉ရက် ညအချိန်မှာပါ။ သူတို့က လက်နက်ကိုင်အဖွဲအစည်းတွေနဲ့ ပတ်သက်မှု မရှိပါဘူး။ သမ္မာအာဇီဝကျကျ လုပ်ကိုင်စားသောက်နေကြတဲ့ သူတွေပါ” ဟု ဆိုသည်။

ဖမ်းဆီးခံရသူများမှာ ကျောက်ဖြူမြို့၊ ဂုံးချွိန်ရွာ၊ စေပုတ်ကေထောင့်မှ ကိုမောင်ရှည် ၃၃ နှစ်နှင့် မနုနုရွှေ ၄၃ နှစ် တို့ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဧပြီလ ၁၉ ရက်နေ့ ည ၇ နာရီကျော်အချိန်တွင် စစ်ကောင်စီအဖွဲ့က ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ရွာ စေပုတ်ကေထောင့်မှ မောင်နှမ ၂ဦးကို ဖမ်းဆီးသွားကြောင်း ရွာသား ၁ဦးက AB News သို့ ပြောသည်။

“စစ်ကောင်စီတပ်သားတွေက ညအချိန် ကိုမောင်ရှည်တို့ နေအိမ်ကို စီးနင်းဝင်ရောက်ပြီး သူ့တို မောင်နှမ ၂ယောက်ကို ဖမ်းဆီးခဲ့ပါတယ်” ဟု ဆိုသည်။

ကိုမောင်ရှည်နှင့် မနုနုရွှေတို မောင်နှမ‌နှစ်ယောက်လုံးသည် LGBT( လိင်စိတ်ခံယူမှုကွဲပြားသူ)များ ဖြစ်သည်ဟု ဖမ်းဆီးခံရများနှင့် နီးစပ်များက ဆိုကြသည်။

မတရား ဖမ်းဆီးခံထားရသူ ကိုမောင်ရှည်နှင့် မနုနုရွှေတို့နှင့် တွေ့ခွင့်မရသဖြင့် မိသားစုဝင်များမှာ လွန်စွာ စိုးရိမ်နေကြောင်း သိရသည်။

အဆိုပါ မောင်နှမ ၂ဦးအား ကျောက်ဖြူမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း မြို့ခံများက ဆိုသည်။

 ပြီးခဲ့သည့် ဧပြီလ ၆ရက်နေ့တွင် ကျောက်ဖြူမြို့ အခြေစိုက် သစ်ပုတ်တောင် ရေတပ်စခန်းဌာနချုပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျောက်ဖြူမြို့နယ် စစ်တောအုပ်စု စည်မော်ရွာမှ အသက် ၃၀ ကျော်အရွယ် ကိုဝေတင်အောင် အား ရိုက်နှက် ဖမ်းဆီးသွားခဲ့သည်။

ထို့အပြင် ဖေဖော်ဝါရီလ ၈ ရက် ၉ ရက်နေ့များကလည်း ကျောက်ဖြူမြို့နယ် ဂုံးချွိန်ရွာမှာ အရပ်သား ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည်။

ရက္ခိုင်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ကျောက်ဖြူမြို့မှ ဒေသခံများအား မြို့အဝင်အထွက်သွားလာခွင့်ကို စစ်ကောင်စီအဖွဲ့က ကန့်သတ်လိုက်ပြီး နေ့စဉ်နှင့်အမျှ အရပ်သားပြည်သူများကို ဖမ်းဆီးနေခြင်းကြောင့် ဒေသခံများမှာ လွန်စွာ စိုးရိမ်နေကြကြောင်းလည်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ