Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၅၅၀ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ပုဏ္ဏားကျွန်းမြို့ထဲ ၄ လုံးကျပြီး နေအိမ် ၂ အိမ်၏ မှန်ပြတင်းများ ပျက်စီးမှုရှိ၊ ဓာတ်အားခွဲရုံတွင်ကျသည့် လက်နက်ကြီးတစ်လုံး မပေါက်ကွဲဘဲ ကျန်နေ

AB News-ဒီဇင်ဘာ ၁၁၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့တွင် ၅၅၀တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး နေအိမ် ၂အိမ်၏ မှန်ပြတင်းများ ပျက်စီးခဲ့ပြီး ဓာတ်အားခွဲရုံတွင်ကျသည့် လက်နက်ကြီး ၁လုံးမပေါက်ကွဲဘဲ ကျန်ရှိနေကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ညက ပုဏ္ဏားကျွန်းမြို့ထဲတွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ် ၅၅၀ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ၄ လုံးသည် ပုဏ္ဏားကျွန်းမြို့ထဲတွင် ကျရောက် ပေါက်ကွဲပြီး နေအိမ် ၂ အိမ်၏ မှန်ပြတင်းများ ပျက်စီးခဲ့ပြီး၊ လက်နက်ကြီးကျည် ၁ လုံး မပေါက်ကွဲသေးဘဲရှိနေကြောင်း သိရသည်။

လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသည့် နေရာများမှာ စံပြရပ်ကွက် ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီး ကျောင်းရှေ့တွင် ၁ လုံး၊ လျှပ်စစ်ဖြန့်ဖြူးရေးပင်မဆောင်ဘေးနားရှိ ဓာတ်အားခွဲရုံအနီးတွင် ၁လုံး၊ ဂူဝဘုရားအနီး ဦးစံထွန်းအိမ်ရှေ့တွင် ၁လုံး၊ စံပြရပ်ကွက် ဦးဌေးအောင်ချေ အိမ်ရှေ့တွင် ၁လုံးတို့ဖြစ်သည်။

ပုဏ္ဏားကျွန်မြို့၊ ဂူဝဘုရားအနီး ဦးစိုးအောင်ဖြိုး အိမ်ရှေ့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲသောကြောင့် ဦးစိုးအောင်ဖြိုး၏နေအိမ်ဘေးနားရှိ အိမ် ၂အိမ် အနည်းငယ်ပျက်စီးခဲ့ကြောင်း မြို့ခံ ၁ဦးက AB News သို့ ပြောကြားသည်။

“မနေ့က ညနေ့ ၈နာရီ ၂၀မိနစ်အချိန်တွင် စစ်ကောင်စီအဖွဲ့လက်အောက်ခံ ၅၅၀တပ်ရင်းမှ လက်နက်ကြီး အကြိမ် ၂၀ကျော် ပစ်ခတ်တယ်။ လက်နက်ကြီး ၄လုံးဟာ ပုဏ္ဏားကျွန်းမြို့ နေရာ၄ခုမှာ ကျရောက်ပေါက်ကွဲတယ်။ ဂူဝဘုရားအနီး ဦးစိုးအောင်ဖြိုး အိမ်‌ရှေ့မှာ ၁လုံးကျရောက်ပေါက်ကွဲပြီး နေအိမ်၂အိမ် အနည်းငယ်ပျက်စီးခဲ့ တယ်” ဟုဆိုသည်။

ပြီးခဲ့သည် နိုဝင်ဘာလ၂၄ရက်၊ နေ့လည် ၂နာရီ ၃၀မိနစ်အချိန်တွင် နတ်ဆိပ်ရွာအနီး ကုလားတန်မြစ်၌ ကျောက်ချထားသည့် စကစ ရေတပ်နေဗီမှ လက်နက်ကြီးကျရောက်‌ပေါက်ကွဲပြီး ပုဏ္ဏားကျွန်းမြို့မဈေး မီးလောင်ပြာကျခဲ့သောကြောင့် ပုဏ္ဏားကျွန်းမြို့ခံသားများမှာ ကြောက်ရွံ့ပြီး စစ်ဘေးလွတ်ရာတွင် ခိုလှုံလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ