သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၃ လကျော်ကြာ ဖမ်းဆီးထားသည့် ကလေး ၂ ဦး၏ မိခင်အား ငွေကျပ် ၃ သိန်းပေးလျှင် တွေ့ခွင့်ပေးမည်ဟု ALP အဖွဲ့ပြော၊ ၃ သိန်းမရှိ၍ တွေ့နိုင်ခြင်း မရှိသေး

၃ လကျော်ကြာ ဖမ်းဆီးထားသည့် ကလေး ၂ ဦး၏ မိခင်အား ငွေကျပ် ၃ သိန်းပေးလျှင် တွေ့ခွင့်ပေးမည်ဟု ALP အဖွဲ့ပြော၊ ၃ သိန်းမရှိ၍ တွေ့နိုင်ခြင်း မရှိသေး

ABN-ထက်မြတ်ခင်

ဩဂုတ် ၄ ရက်

ALPက ဖမ်းဆီးထားသည့် ရခိုင်ပြည် ပေါက်တောမြို့နယ် ငွေတွင်းတည်ကျေးရွာမှ ကလေးနှစ်ဦးမိခင် မသန်းသန်းဌေးအား ၃ လကျော်ကြာသည့်တိုင်အောင် မိသားစုဝင်များနှင့် တွေခွင့်မရသေးဟုသိရသည်။

ဖမ်းဆီးခံထားရသည့် ကလေး ၂ ဦး၏ မိခင် မသန်းသန်းဌေးအား တွေ့လိုလျှင် ငွေကျပ် ၃ သိန်းပေးရမည်ဟု စစ်တွေမြို့ရှိ ALP အဖွဲ့ကပြောကြောင်း မသန်းသန်းဌေး၏ မိခင်ဖြစ်သူက ABN သို့ပြောသည်။

ALP က တောင်းသည့် ငွေကျပ် ၃ သိန်းကို မပေးနိုင်သည့်အတွက် မိသားစုဝင်များမှာ ၃ လကျော်ကြာလာသည့်တိုင် မတွေ့ရဘဲ ဖြစ်နေသည်ဟု ပြောသည်။

“ကျမသမီးကို ALP က ဖမ်းထားတာ ၃ လကျော်ကြာပြီ။ ခုထိ တစ်ခါမှလည်း မတွေ့ရသေးပါဘူး။ တွေ့ချင်ရင် ၃ သိန်းပေးရမယ်လို့ သူတို့က ပြောပါတယ်။ ကျမမှာ ကျမသမီးလုပ်စာ စားနေရတာ။ ခုဆို ကလေး ၂ ယောက်နဲ့ ထမင်းတောင် နပ်မှန်အောင် မစားရတာ သူတို့တောင်းတဲ့ ပိုက်ဆံ ကျမ ဘယ်ကရနိုင်မှာလဲ။ ကျမမှာမရှိပါဘူး” ဟု ပြောသည်။

မသန်းသန်းဌေးမှာ ပြီးခဲ့သည့် မေလ ၃ရက်နေ့က ALPအဖွဲ့ဝင်တစ်ဦးဖြစ်သည့် မောင်ဝင်းနှင့်ပြဿနာ ဖြစ်သည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရပြီးနောက် မိသားစုများမှာ အကြိမ်ကြိမ်သွားရောက်၍ တွေ့ခွင့်တောင်းခဲ့သော်လည်း တွေခွင့်မပေးဘဲထားကြောင်း မိခင်ဖြစ်သူက ပြောသည်။

မသန်းသန်းဌေးမှာ ကလေး၂ဦးနှင့်အတူ စစ်တွေတွင် နေထိုင်ကာ ပန်းရံအလုပ်ကို နေ့စားလုပ်ပြီး မိခင်ကို လုပ်ကျွေးနေသူဖြစ်သည်၊ မသန်းသန်းဌေကို ALPမှ ဖမ်းဆီးထားသောကြောင့် မိခင်ဖြစ်သူမှာ အလွန်ပင်ဒုက္ခရောက်နေသည်ဟု ရွာသားများ ပြောပြချက်အရ သိရသည်။

စစ်တွေရှိ ALP အဖွဲ့သည် စစ်ကောင်စီအဖွဲ့၏ လက်ကိုင်ဒုတ်အဖြစ် လုပ်နေပြီ စစ်တွေတွင် ပုံစံမျိုးစုံဖြင့် သောင်းကျန်းနေသည့်အဖွဲ့ဖြစ်သည်။

ထို့အပြင် ALP အဖွဲ့အတွင်း ဗိုလ်လုကြကာ အဖွဲ့ ၃ ဖွဲ့ကွဲနေသည့် အဖွဲ့ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ