၂၃၈ နှစ်မြောက် ရက္ခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အချာအာဏာ ကျရှုံးခြင်း အောက်မေ့ဝမ်းနည်းဖွယ် အခမ်းအနားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ကျင်းပ ပြုလုပ်လျက်ရှိသည်။
အခမ်းအနားသို့ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ရွှေ့ပြောင်း ရခိုင်အလုပ်သမားများ၊ ကျောင်းသူ/ကျောင်းသားများနှင့် ပညာတော်သင်ယူနေကြသည့် ရခိုင် ရဟန်းသံဃာတော်များ ထောင်ချီ တက်ရောက်လျက်ရှိကြောင်း သိရသည်။
အခမ်းအနားတွင် ရခိုင်ရိုးရာမုန့်တီဖြင့် တည်ခင်းဧည့်ခံ ကျင်းပပြီး အခမ်းအနားတွင် တတ်သိပညာရှင်များနှင့် ရဟန်းတော်များမှ မိန့်ခွန်းပြောကြားခြင်း၊ ရခိုင်ရိုးရာ အကများဖြင့် ဖျော်ဖြေခြင်းနှင့် ရက္ခိုင့်အချုပ်အချာအာဏာအား ကာကွယ်ရင်း ကျဆုံးခဲ့ကြသည့်သူများနှင့် ထိုစဥ်က နယ်ချဲ့ ကျူးကျော်သူ ဗမာများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် အပြစ်မဲ့ ရခိုင်များအား အောက်မေ့အမှတ်ရသည့်အနေဖြင့် ၁ မိနစ်ကြာ အသံတိတ် နေခြင်းစသည်တို့ကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ရက္ခိုင့်ဘုရင့်နိုင်ငံ အချုပ်အချာအာဏာကျရှုံးခြင်း အောက်မေ့ ဝမ်းနည်းဖွယ်အခမ်းအနားကို အမေရိကန်၊ ဂျပန်၊ ကိုးရီးယား၊ မလေးရှား စသည့် နိုင်ငံများတွင်လည်း ရခိုင်လူမျိုးများ စုပေါင်းကာ နှစ်စဥ်ကျင်းပလေ့ ရှိကြသည်ကို တွေ့ရသည်။










