Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၃၃ နှစ်မြောက် ရခိုင်-မြန်မာပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်း ကွယ်လွန်ခြင်း အောက်မေ့ဖွယ် အခမ်းအနား စစ်တွေတွင်းကျင်းပ

ABN-နွယ်စိုး

သြဂုတ် ၁၄ ရက်

ယနေ့ သြဂုတ်လ ၁၄ ရက်နေ့တွင် ကျရောက်သည့် ၃၃ နှစ်မြောက် ရခိုင်-မြန်မာ ပဏ္ဍိတ် သမိုင်းဆရာကြီး ဦးဦးထွန်းသာ၏ ကွယ်လွန်ခြင်း အောက်မေ့ဖွယ်အခမ်းအနားကို စစ်တွေမြို့ဓညဝတီ ပါရမီကျောင်းတိုင်၊ကျော်ဇံရီလမ်း၊ တရားသီစုရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

ဆရာကြီးဦးဦးထွန်းသည် ရခိုင်ပြည်၊မြောက်ဦးမြို့ ညောင်ပင်စျေးရွာမှ အဖ ကောင်းစံရွှေနှင့် အမိ အောင်ကြွဇံတို့၏ တစ်ဦးတည်းသော သားဖြစ်သည်။

ဆရာကြီး အနေဖြင့် ရခိုင်ဒီမိုကရေစီရရေး၊ တိုင်းရင်းသားများတန်းတူအခွင့်အရေးရရှိရေး တို့အတွက် စွမ်းစွမ်းတမံရှေ့တန်းမှ ဦးစီးဆောင်ရွက်ခဲ့ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တွင် နာယကကြီးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့ကာ ကျောက်တော်မြို့ မဲဆန္ဒနယ် အမှတ် (၁) တွင် ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းလည်းဖြစ်ခဲ့သည်။

ယင်းအပြင် ၄င်းအနေဖြင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ စည်းရုံးရေးခရီးစဉ်အဖြစ် အနယ်နယ်အရပ်ရပ်သို့ မဲဆွယ်တရားဟောထွက်ခဲ့ကာ မင်းပြားမြို့နယ်၊ ပြားချောင်းကျွန်းရွာ မဲဆွယ်တရားဟောပွဲ၌ တရားဟောနေစဉ် အစိုးရက ဖမ်းဆီးခဲ့ပြီး ထောင်အကျဉ်းချ ခံခဲ့ရသည်။

ဆရာကြီးအား အမျိုးသားရေးတရားဟောသည် စသည့် အမျိုးမျိုးစွဲချက်ဖြင့် ဖမ်းဆီးထောင်ချခံခဲ့ရသည်။

ဆရာကြီးသည် ထောင်ဒဏ် ၃နှစ် ချမှတ်ခံခဲ့ရပြီး စစ်တွေထောင်တွင် အကျဉ်းချထားခြင်းခံခဲ့ရစဥ် ထောင်ကျပြီး ၅လ အကြာ ၁၉၉ဝခုနှစ် သြဂုတ် ၁၄ရက်နေ့တွင် ထောင်ထဲ၌ ကွန်လွန်သွားခဲ့သည်။

ထောင်ထဲတွင် အစိုးရက ဆရာကြီးအား နှိပ်စက်သတ်ဖြတ်လိုက်ကြခြင်းဖြစ်သည်ဟု ရခိုင်အများစုက လက်ခံထားကြသော်လည်း ဆရာကြီးသေဆုံးရခြင်းသည် ဦးခေါင်းတွင် သွေးမတိတ်သည့် ရောဂါ (Cerebral Haemorrhage) ဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း အစိုးရက The Truth အမည်ရှိဆောင်းပါးဖြင့် လုပ်ကြံဖန်တီးဝါဒဖြန့်ခဲ့သည်။

ဆရာကြီးသည် ၁၉၅၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ မြောက်ဦးမြို့ ရှေ့ဟောင်းသုတေသနဌာနခွဲတွင် ရခိုင်-မြန်မာပဏ္ဍိတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့၍ ယခုလက်ရှိ မြောက်ဦးမြို့ ရှေးဟောင်းသုတေသနပြတိုက်ကြီးသည်လည်း ဆရာကြီး စုဆောင်းတည်ဆောက်ခဲ့သော ပြတိုက်ဖြစ်သည်။

ယင်းအပြင် ၁၉၇၇ခုနှစ် မှ ၁၉၈၃ခုနှစ်ထိ မြောက်ဦးမြို့ ရှေးဟောင်းသုတေနဌာနခွဲတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် ဆက်တိုက်တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၈၃ခုနှစ်တွင် တူးဖော်ခဲ့သော ရခိုင်ဝေသာလီမြို့ဟောင်းတူးဖော်မှုလုပ်ငန်းတွင်လည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်တူးဖော်ဆောင်ရွက်ခဲ့သည်။

ဆရာကြီးသည် ရခိုင့်ယဉ်ကျေးမှုအမွေအနှစ်၊ ရခိုင့်သမိုင်း၊ ရခိုင်စာပေ၊ ရခိုင့်ရိုးရာထုံးထမ်းစဉ်လာများကို အစဉ်ဖော်ထုတ်ပြုစုခဲ့သော သမိုင်း ဖခင်ကြီးတစ်ဆူဖြစ်လည်းသည်။

ဓာတ်ပုံ-စစ်တွေတွင် ယနေ့ ဦးဦးသာထွန်း ကွန်လွန်ခြင်း အောက်မေ့ဝမ်းနည်းဖွယ်အခမ်းအနား/ဦးမြတ်ထွန်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ