Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၂ လအတွင်း  စစ်ကောင်စီက မင်းပြားမြို့နယ် သေကံကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ထိပြုလုပ်

(ဘုန်းတော်ကြီး ၁ ပါးအပါအဝင် ပြည်သူ ၂၀ ထက်မနည်းဒဏ်ရာရရှိပြီး နေအိမ် ၃ဝ ကျော်၊စာသင်ကျောင်း ၂ ဆောင်နှင့် ဘုန်းကြီးကျောင်း ၁ ကျောင်းပျက်စီး)

AB News – မတ်လ ၃၀၊၂၀၂၄

ရက္ခိုင်ပြည် မင်းပြားမြို့နယ် သေကံကျေးရွာအား စစ်ကောင်စီကဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၂၉ ရက်နေ့ထိ ၂လအတွင်း လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ထိပြုလုပ်ခဲ့ရာ ဘုန်းတော်ကြီး ၁ ပါးအပါအဝင် ပြည်သူ ၂၀ ဦးထက်မနည်းဒဏ်ရာရရှိပြီး နေအိမ် ၃ဝ ကျော်၊ စာသင်ကျောင်း ၂ ဆောင်နှင့် ဘုန်းကြီးကျောင်း ၁ ဆောင်ပျက်စီးသွားခဲ့ရကြောင်း တွေ့ရသည်။

အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီသည် ယမန်နေ့ မတ်လ ၂၉ ရက်၊ ည ၁၁ နာရီကျော်တွင် ဂျက်ဖိုက်တာ ၃ စီးဖြင့် သေကံရွာသို့ ဗုံးအလုံးရေ ၁၀ ကျော် ထက်မနည်း ကြဲချခဲ့ရာ  ဆရာတော် ၁ ပါးအပါအဝင် ပြည်သူ ၁ ဦးဒဏ်ရာရရှိပြီး နေအိမ် ၁၁ ဆောင်ပျက်စီးခဲ့ရသည်။

ဒဏ်ရာရရှိသွားသူများမှာ သေကံရွာ ပညာဗိမာန်ကျောင်းတိုက်မှ သက်တော် ၅၇ နှစ်အရွယ် အရှင် ပညာဗလ နှင့် အသက် ၇၇ နှစ်အရွယ် ဦးစံထွန်းတို့ ဖြစ်သည်။

စစ်ကောင်စီက ညဥ့်အချိန်မတော် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူများမှာလည်း အသက်လုထွက် ပြေးခဲ့ရကြောင်း သေကံရွာသား တစ်ဦးမှ AB News သို့ ပြောသည်။

“လူအိပ်တဲ့အချိန်လာပစ်တာလေ၊ ကျမတို့လည်း အိမ်မှာ မနေဝံ့တော့ ထွက်ပြေးကြတယ်။ ဗုံးကြဲတာလည်း အများကြီးပဲ၊ ဆရာတော်လည်း ဒဏ်ရာရသွားတယ်” ဟု ဆိုသည်။

ဒဏ်ရာရရှိသူသွားသည့် ဆရာတော်နှင့် ပြည်သူ ၁ ဦးကို နီးစပ်ရာဆေးခန်းတွင် ပို့ဆောင်ထားကြောင်း သိရသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်ပိုင်ရှင်များမှာ ဦးမောင်ဖြူ၊ ဦးမောင်စိန်သာ၊ ဦးသိန်းမြ၊ ဦးမောင်ဦး၊ ဦးကျော်ငြိမ်းမောင်၊ ဦးကျော်စိန်ခိုင်၊ ဒေါ်မစိန်လှ၊ ဒေါ်ဦးမစိန်၊ ဦးမောင်ဘဟန်၊ ဦးမောင်သန်းမြနန့် ဦးသန်းဝင်းချေတို့ ဖြစ်ကြသည်။

ပြီးခဲ့သည့် မတ်လ ၂၄ရက်၊ နံနက်ပိုင်း ၁ နာရီ ၄ မိနစ်အချိန်တွင်အကြမ်းဖက် စစ်ကောင်စီက သေကံရွာသို့ ဂျက်ဖိုက် ၁ စီး​ ဖြင့်ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဦးလှကျော်သိန်းနေအိမ်၊ ဒေါ်ဝေနုကြည်နေအိမ်၊ ဦးငယောင်းနေအိမ်တို့ ပျက်စီးသွားရပြီး ဒေါ်သန်းသန်းဌေးမှာ ဆန်စက် ၁ လုံးလည်းပျက်စီးသွားခဲ့ရကြောင်း တွေ့ရသည်။

ယင်းအပြင် မတ်လ ၆ ရက်နေ့၊ ညဥ့် ၁၁ နာရီ ၄၀ မိနစ်တွင် စစ်​ကောင်စီက ဂျက်ဖိုက်တာဖြင့် ရာမောင်တံတားအောက်ရှိ သေကံရွာသို့ ပေါင် ၂၀၀ ဗုံး ၃ လုံးထက်မနည်းကြဲချခဲ့ရာ အိမ် ၅ ဆောင်ခန့်ပျက်စီးသွားခဲ့ရကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

စစ်ကောင်စီသည် ၎င်းရွာသို့ နေ့စဥ်ရက်ဆက်ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံပြည်သူများလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညဥ့် ၁ နာရီ ၂၅ မိနစ်တွင်လည်း  ဂျက်ဖိုက်တာဖြင့် သေကံရွာသို့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၁၈ ဦးထက်မနည်း ဒဏ်ရာရရှိပြီး နေအိမ် ၁၂ ဆောင်၊   စာသင်ကျောင်း ၂ ကျောင်းပျက်စီးခဲ့ရသည်။

လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီသည် သေကံသို့ စစ်ရေးပစ်မှတ်ထား တိုက်ခိုက်လာသည့်အတွက် လူထိခိုက်မှုများပြားလားပြီး ၊ သာသနိကအဆောက်အအုံများနှင့် နေအိမ်များ ပျက်စီးလာနေကြောင်း တွေ့ရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ