Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၂ လကျော်ကြာပိတ်ထားသည့် မင်းပြား-မြေပုံ ကားလမ်းကို စစ်ကောင်စီက ဆက်လက်ပိတ်ထားဆဲ၊ ဒေသခံများ အခက်အခဲကြုံနေရ

စစ်ကောင်စီတပ်က ပိတ်ထားသည့် မင်းပြား-မြေပုံ သွားကားလမ်းကို ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ၂ လကျော်ကြာသော်လည်း ဆက်လက် ပိတ်ဆို့ထားသဖြင့် ဒေသခံများမှာ အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့မှစ၍ ရက္ခိုင့်တပ်တော် AAနှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဘက်တိုက်ပွဲများကြောင့် ကြပ်စင်တံတား မင်းပြား မှ မြေပုံသို့သွားသည့် ကားလမ်းကို ပိတ်ဆို့ထားသည်မှာ ၂ လ ၂ ရက်ကြာမြင့်ပြီဖြစ်သည်။

ထိုသို့ မင်းပြား ကြပ်စင်တံတားမှ မင်းပြား-မြေပုံသွားလမ်းကို ၂ လကျော်ကြာပိတ်ထားသည့်အတွက် ဒေသခံများမှာ ခရီးသွားလာရေးနှင့် စားသောက်ကုန်များအတွက်ပါ အခက်အခဲ ဖြစ်နေရကြောင်း ဒေသခံ ကားသမားတစ်ဦးက ABN ကိုပြောသည်။

”အပစ်အခတ်ရပ်စဲသံတော့ကြားတယ်။ ဒါပေမယ့်လည်း မင်းပြား မြေပုံ ကားလမ်းကိုခုထိတော့မဖွင့်သေးဘူး၊ ကျွန်တော်တို့ ဒီဒေသက လူတွေအတွက် သွားလာရေးအပါအဝင် ကုန်ပစ္စည်းတွေ ဝယ်ဖို့အတွက်ပါ အခက်အခဲ ဖြစ်နေရပါတယ်၊ တခြားလမ်းတွေကို ဖွင့်ပေးသလို ကျနော်တို့ဖက်ကိုလည်း ဖွင့်ပေးစေချင်ပါတယ်” ဟု ကားသမားတဦးကပြောသည်။

လက်ရှိတွင် လမ်းပိတ်ဆို့ထားခြင်းကြောင့် မြေပုံမြို့နှင့် ကျေးရွာများတွင် စားသောက်ကုန်များနှင့် စက်သုံးဆီများပြတ်လပ်ကာ ကုန်ဈေးနှုန်းများမှာလည်း ၂ ဆလောက်ထိ မြင့်တက်လျက်ရှိနေကြောင်း နောက်ထပ် မင်းပြားမြို့နယ် ဖလောင်းပြင်ရွာသားတစ်ဦးက ပြောသည်။

မင်းပြား-မြေပုံ သွားလာနေသည့် ကားလမ်းကို ပိတ်ဆိုထားသောကြောင့် ဖလောင်းပြင်၊ ကျားပိုက္ကေ၊ ရငံဆည်၊ ဂန်ချောင်၊ နန်းချောင်၊ ကေသလာ၊ ရွှေချောင်း၊ သစ်ပုတ်တောင်၊ ကျောက်ခုတ်၊ မြောင်ချောင်း၊ သာယာကုန်း၊ ရန်တိုင်၊ ပြိုင်းတော၊ ခမောင်းတော၊ သိုင်းကျပ်၊ ဝက်ခေါင်း၊ ကံသာ၊ ခေါင်းဖြူ၊ စအင်း၊ ဒဂုံ စသည့် ရွာများမှ ဒေသခံများ ခက်ခဲကြုံနေရကြောင်းသိရသည်။

ကြပ်စင်တံတား မင်းပြား၊ မြေပုံ၊ ပေါက်တော သွားလာသည့် သုံးခွဆုံလမ်းမှ ပေါက်တောသို့သွားသည့် လမ်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေ့တိုင်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့မှစကာ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီအပစ်အခတ် ရပ်တန့်ထားပြီးနောက် ဒီဇင်ဘာလမှစကာ စစ်ကောင်စီဖက်မှ ပိတ်ဆို့ထားသည့် ရေလမ်း ကုန်းလမ်းများကို ဖွင့်ပေးလာနေသည်ကို တွေ့ရသည်။

၁ လနီးပါးကြာ စစ်ကောင်စီက ပိတ်ထားခဲ့သည့် ပုဏ္ဏားကျွန်း- စစ်တွေ အဝေးပြေးကားလမ်းကို မနေ့က ဒီဇင်ဘာလ ၃ ရက် ညနေ ၄ နာရီခန့်လောက်အချိန်ကစပြီး ဖွင့်ပေးထားကြောင်းသိရသည်။

၂ လကျော်ကြာပိတ်ထားသည့် မင်းပြား-မြေပုံ ကားလမ်းကို စစ်ကောင်စီက ဆက်လက်ပိတ်ထားဆဲ၊ ဒေသခံများ အခက်အခဲကြုံနေရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ