နိုဝင်ဘာလ ၁၀ ရက်နေ့က ပါဒလိတ်စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်၍ ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ရွာမှ နေအိမ် ၆ အိမ် ပျက်စီးခဲ့ရသည်။
ပျက်စီးခဲ့သည့် နေအိမ်များမှာ (၁) ဦးစံသာလှ၏ နေအိမ် (၂) ဒေါ်စံနု၏ နေအိမ် (၃) ဦးအောင်သန်း၏ နေအိမ် (၄) ဦးအောင်ပြည့်ထွန်း၏ နေအိမ်၊ (၅) ဦးမောင်ဆံနီ၏ နေအိမ်နှင့် (၆) ဦးခင်ကျော်ဝင်း၏ နေအိမ် တို့ ဖြစ်သည်။
ထို့အပြင် ထိုနေ့က လက်နက်ကြီး ကျည်စထိမှန်ပြီး ၎င်းရွာမှ အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသား မောင်စိုးဝင်းဦးနှင့် အသက် ၅၅ နှစ်အရွယ် ဒေါ်မနုချေ တို့တွင် ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့သည်။
၉ တန်းကျောင်းသား မောင်စိုးဝင်းဦး၌ ပေါင်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သဖြင့် စစ်တွေ ပြည်သူ့ဆေးရုံတွင် ခွဲစိပ်ကုသမှု ခံယူခဲ့ရကာ လက်ရှိအချိန်ထိ ဆေးရုံတက်ကုသနေရဆဲဖြစ်သည်။
ဒေါ်မနုချေမှာလည်း နောက်ကျောဖက် ခါးတွင် ကျည်ဆံစ ဝင်သွားပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပြီး နေရာတွင် သတိလစ်ခဲ့ကာ ဆေးရုံတက် ကုသခဲ့ရသည်။ ယနေ့အချိန်ထိလည်း ပြင်ပလူနာအဖြစ် ဆေးရုံတွင် ကုသမှု ခံယူနေရဆဲဖြစ်သည်။
ကျည်ထိမှန်ပြီး ပျက်စီးသွားသည့် နေအိမ် ၄ အိမ်တွင် လူနေရန်ပင် မဖြစ်နိုင်တော့သဖြင့် အိမ်ရှင်များမှာ စစ်ဘေးရှောင်များအဖြစ် ပုဏ္ဏားကျွန်းမြို့နယ် စပါးထားရွာတွင် ခိုလှုံလျက်ရှိနေကြသည်။
ထိုအိုင်ဒင်ကျေးရွာ စာသင်ကျောင်းတွင်လည်း လက်နက်ကြီးကျည်စထိမှန်ပြီး မှန်ပြတင်းတစ်ခု ပျက်စီးခဲ့သည်။
အိုင်ဒင်ကျေးရွာတွင် အိမ်ခြေစုစုပေါင်း ၂၀၀ ကျော်ရှိပြီး ရွာသူ ရွာသားအများစုမှာ လယ်ယာလုပ်ကိုင်ခြင်းဖြင့် သက်မွေးဝမ်းကျောင်းကြသည်။
























