Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိမ်များပျက်စီးသည်ထက် ဥယျာဥ်ခြံမြေများပျက်စီးသွားသည့်အတွက် အသက်မွေးဝမ်းကျောင်းထိခိုက်နိုင်ကြောင်း မြိုလူမျိုးများပြော

ABN-ကိုဟိန်းထွန်း

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် သလူချောင်းအုပ်စု ယိုးချောင်းဖျားဒေသ အတွင်း​နေထိုင်ကြသော မြိုလူမျိုးရပ်ရွာများမှာ မိုခါမုန်တိုင်းကြောင့်နေအိမ်များပျက်စီးသည်ထက်ဥယျာဥ်ခြံမြေများ

ပျက်စီးသည်ကအသက်မွေးဝမ်းကျောင်းကိုပိုမိုထိခိုက်ခဲ့ကြောင်း ABN ကိုဖုန်းဆက်ပြောဆိုသည်။

မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့သော ဖျက်အားပြင်းမိုခါမုန်တိုင်းကြောင့် နေအိမ်များပျက်စီးခဲ့သည်သာမက အသက်

မွေးဝမ်းကျောင်းအဖြစ် မှီခိုပြုနေရသည့် သံပုရာပင်များ၊ ရှောက်ပင်များ၊ ပိန္နဲပင်များ၊ ငှက်ပျောပင်များ၊ သရက်ပင်များ၊ သစ်ကတိုးပင်များနှင့် အခြားတန်ဖိုးရှိသောအပင်များ ပျက်စီးခဲ့သည်။

မိုခါမုန်တိုင်းကြောင့်ပျက်းစီးသွားခဲ့သည့်တောင်ယာလုပ်ငန်းများမှာ ကြာရှည်စွာပြုပြင်ရမည်ဖြစ်ပြီး သီးပင်စားပင်များလည်း အချိန်မီ ဖြစ်ထွန်းနိုင်မည်မဟုတ်ကြောင်း ဒေသခံမြို ၁ ဦးက ABN ကိုပြောသည်။

“မုန်တိုင်းကြောင့် တောင်ယာလုပ်ငန်းတွေပျက်စီးသွားတယ်၊ ကြာရှည်စွာပြုပြင်ရမယ်၊ အဓိက အသက်မွေးဝမ်းကျောင်းပြုနေရတဲ့အပင်တွေလည်း အချိန်မီဖြစ်ထွန်းနိုင်မှာမဟုတ်ဘူး၊ အခက်အခဲတွေ့နေရပါတယ်” ဟု ဆိုသည်။

တောင်ယာလုပ်ငန်းကိုမှီခိုအားထားနေရသော မြို ၆ ရွာဖြစ်သည့် လေကွိ၊ ငစရိုင်းကိုင်း၊ ခမောင်း၊ သိန်းချောင်း၊ ကင်ဘိ၊ တဲဝ ရပ်ရွာများဖြစ်သည်။

လက်ရှိတွင် ၎င်းရွာများသည် အင်တာနက်လိုင်းမရရှိမှုကြောင့် ဆက်သွယ်မှုပြတ်တောက်သွားသဖြင့် ကယ်ဆယ်ရေးထောက်ပံ့သောအဖွဲ့များလာရောက်ခြင်းမရှိကြောင်း ၎င်းကဆက်၍ပြောသည်။

“အင်တာနက်ကမရဘူးဖြစ်နေတယ်၊ ပျက်စီးသွားတဲ့ပုံတွေကိုပို့လို့လည်းမရဘူး၊ အဆက်အသွယ်တွေပြတ်နေတယ်၊ ကယ်ဆယ်ရေးပေးတဲ့အဖွဲ့တွေလည်းမရောက်ဘူး၊ အကူအညီလိုအပ်နေပါတယ်”ဟုဆိုသည်။

လေကွိရွာတွင် အိမ်ထောင်စုအရေအတွက် ၆၇ စု၊ လူဦးရေ ၃၁၄ ဦး၊ ငစရိုင်းကိုင်းရွာတွင် အိမ်ထောင်စုအရေအတွက် ၂၆စု၊ လူဦးရေ ၁၃၈ စု၊ ခမောင်းရွာတွင် အိမ်ထောင်စုအရေအတွက် ၁၄စု၊ လူဦးရေ ၅၉ဦး၊ သိန်းချောင်းရွာတွင် အိမ်ထောင်စုအရေအတွက် ၁၂စု၊ လူဦးရေ ၄၉ ဦး၊ ကင်ဘိရွာတွင် အိမ်ထောင်စုအရေအတွက် ၁၀ စု၊ လူဦးရေ ၃၄ ဦး၊ တဲဝရွာတွင် အိမ်ထောင်စုအရေအတွက် ၁၂စု၊ လူဦးရေ ၄၃ ဦးတို့ဖြစ်ကြသည်။

ထိုရွာများမှ မြိုလူမျိုးများသည် ဆန်တစ်အိတ်ကို ၁သိန်းကျော်ဖြင့်ဝယ်ယူနေရကာ ဥယျာဥ်ခြံမြေများမှထွက်ကုန်မရှိသောကြောင့် ဆန်ဝယ်ရန်ပင်အခက်တွေ့နေရကြောင်း ABN မှ စုံစမ်းသိရှိရသည်။

တောတောင်များတွင် သစ်၊ ဝါးများပြိုလဲနေသည့်အတွက် သစ်၊ဝါးခုတ်လို့မရ၊ ရှင်းလင်းဖို့လည်းအခက်အခဲများစွာကြုံနေရသည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ